လူတစ်ချို့ဟာ သုံးမကုန်လောက်အောင် ချမ်းသာကြွယ်ဝနေတဲ့အချိန်မှာ တစ်ချို့ကျတော့ ကုန်းကောက်စရာမရှိအောင် ဆင်းရဲနေတဲ့အခါ ဒါဟာ မတရားဘူးလို့ ထင်ရနိုင်ပါတယ်။ ဒါပေမယ့်လည်း ချမ်းသာတဲ့သူနဲ့ ဆင်းရဲတဲ့သူတွေကြားမှာ မတူညီတဲ့ နေထိုင်မှုပုံစံ၊ အမူအကျင့်တွေရှိနေပါတယ်။ ဒါကြောင့်သင်ဟာ ချမ်းသာကြွယ်ဝချင်တဲ့ သူတစ်ယောက်ဆိုရင်တော့ ကမ္ဘာ့အချမ်းသာဆုံးလူတွေအကြံပေးထားတဲ့ အရာလေးတွေကို သတိပြုဆင်ခြင်ဖို့လိုပါတယ်။
(၁) ချမ်းသာမယ့်သူတွေဆိုတာ သူတစ်ပါးကို ပေးကမ်းစွန့်ကြဲဖို့အတွက် မတွန့်တိုတတ်တဲ့သူတွေပါ။ ကိုယ့်မှာရှိတာ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ သူတစ်ပါးကို မျှဝေချင်စိတ်အပြည့်ရှိတဲ့သူတွေဖြစ်ပါတယ်။
၂) တစ်ယောက်ယောက်က အကြံပေးစကားပြောတဲ့အခါတွေ၊ သူတို့ရဲ့ ထင်မြင်ချက်တွေကို ပြောလာတဲ့အခါမှာ လုံးဝအငြင်းအခုံမလုပ်ပါနဲ့။ သူတို့ပြောတာဟာ သင့်အမြင်နဲ့ ကွဲချင်ကွဲမယ်ဒါပေမယ့် သူတို့ကြည့်တဲ့ရှုထောင့်ကနေ မြင်တတ်အောင် ကြည့်ပါ။
(၃) အတင်းအဖျင်းတွေမပြောပါနဲ့။ အဲ့ဒီ့အစား အကျိုးရှိမယ့် စာတွေဖတ်တာ၊ အကျိုးရှိမယ့်အရာတွေကို လေ့လာတာမျိုးတွေလုပ်ပါ။ အချိန်ဟာ အရမ်းအရေးကြီးတဲ့အရာဖြစ်တာကြောင့်ပါ။
(၄) သင်ဟာ အမှန်တကယ်ကြီးပွားအောင်မြင်ချင်တယ်ဆိုရင်တော့ ဖြစ်ချင်တဲ့ဆန္ဒတွေကိုပဲ အားကိုးနေလို့မရပါဘူး။ ရည်မှန်းချက်တွေကို ချမှတ်ပြီး အမှန်တကယ်ဖြစ်အောင် လက်တွေ့ကြိုးစားရမှာပဲဖြစ်ပါတယ်။
(၅) သင့်ဘဝမှာ ကံကောင်းခြင်းတွေက နေ့ချင်းညချင်း လာလိမ့်မယ်လို့ လုံးဝမမျှော်လင့်ပါနဲ့။ ဥပမာ ထီပေါက်တာမျိုးပေါ့။ သင်ကိုယ်တိုင်ကြိုးစားပါ၊ ရုန်းကန်ပါ။ သင်ကြိုးစားနေသမျှတော့ အောင်မြင်မှုတွေ တဖြည်းဖြည်းရလာမှာဖြစ်ပါတယ်။
(၆) စာဖတ်ခြင်းဟာလည်း ချမ်းသာကြွယ်ဝခြင်းရဲ့ အဓိကအရင်းအမြစ်ဖြစ်ပါတယ်။ စာဖတ်တဲ့အခါ၊ တီဗီကြည့်တဲ့အခါမှာ လူချမ်းသာတွေဟာ ပညာရစေမယ့်အရာတွေကို ဦးစားပေးပြီး ဆင်းရဲတဲ့သူတွေကတော့ ဖျော်ဖြေရေးအပိုင်းကို ပိုပြီးဦးစားပေးတာကိုတွေ့ရပါတယ်။
(၇) ချမ်းသာကြွယ်ဝတဲ့သူတွေဟာ ဘယ်တော့မှမကြွားဝါကြပါဘူး။ အဝတ်အစားကောင်းတွေ ဝတ်တာ၊ ဈေးကြီးတဲ့ကားတွေ ဝယ်စီးပြမနေပါဘူး။ ဒါပေမယ့် သူတို့ရဲ့ ဘဏ်အကောင့်ထဲကိုကြည့်လိုက်ရင် ဘီလျံနာတွေဖြစ်နေတတ်ပါတယ်။
(၈) နောက်ဆုံးတစ်ခုက အကြွေးမထားတာပါပဲ။ သင့်မှာ မရှိသေးတဲ့ပိုက်ဆံကို ကြိုသုံးနှင့်တာမျိုးကိုဆိုလိုတာပါ။ ပစ္စည်းတွေကိုလက်ငင်းပဲဝယ်ပါ၊ အကြွေးလုံးဝမထားပါနဲ့။ နောက်ပြီး မရှိရင်မဝယ်ပါနဲ့။ စုဆောင်းပြီး ရှိလာတဲ့အထိ စုပါ။