ခြောက်ထောင်နဲ့ ရမလား ခြောက်ထောင်နဲ့ ရရင် ယူမယ် ဆိုတဲ့ မိန်းကလေးရေ ကျေးဇူးပါ

Story
Spread the love

မိန်းကလေး အများစု သိပ်ထူးချွန်တဲ့ နေရာတွေထဲမှာ ဈေးဆစ် တာကလည်း တစ်ခု အပါအဝင် ပဲခင်ဗျ။

အခုလည်း ကြည့်လေတစ်သောင်းနှစ် ထောင်တန်တဲ့ ပစ္စည်းကို တစ်ဝက်ဈေးနဲ့ ခေါက်ချိုး ဆစ်ချနေတာ။ကိုယ့်မှာ တော့ လက်မှာ ရွှေလက် ကောက်တွေ တစ်တောင် လောက် ဝတ်ထားတဲ့ ဆိုင်ပိုင်ရှင် အန်တီကြီးကို ကြည့်ပြီး အားနာလှပြီ။

သူ့လှမ်းကြည့်လိုက်တော့ မျက်နှာက ပြတ်သားနေလိုက်တာ။ခြောက် ထောင်နဲ့ရရင် ယူမယ်၊ မရရင် မယူဘူး ဆိုတဲ့ ဒီဇိုင်း ကိုယ်သူ့ကို အဲ့ဒီလောက်အထိတော့ မလုပ်ပါ နဲ့ဆိုတဲ့။

အားနာစရာ မျက်နှာပေးနဲ့ တချက်ကြည့်ပြီးလက်ကို လှမ်းတို့ပါသေးတယ်။ဒီတော့ သူကလည်း ခေသူတော့ မဟုတ်ဘူးဆရာ ရှင်မသိရင် အသာနေ၊ ဝင်မပါနဲ့၊ ကျမဘာသာကြည့်လုပ်မယ်။

ဆိုတဲ့ မျက်နှာပေးနဲ့ တချက်ပြန်ကဲကြည့်ရင်း ကိုယ့်လက်ကို အသာပုတ် ထုတ်ပါတယ်။“ခြောက်ထောင်တော့ မလုပ်ပါနဲ့ သမီးလေးရယ်၊ ဈေးရင်းကိုရှစ်ထောင်ရှိပါတယ်။ တစ်ထောင်တော့ ပေးစားနော်။ကိုးထောင်အတိနဲ့ ယူသွား ဟုတ်ပြီလား”

“မရဘူး၊ ခြောက်ထောင်ပဲ”
“ခြောက်ထောင်ကတော့ တကယ်မရလို့ပါ၊ ရရင် ပေးပါတယ်ငါ့သမီးလေးရယ်၊ ကဲ ကဲ ခုနစ်ထောင်နဲ့ ယူသွား ဟုတ်လား”

ဟာ မဆိုးဘူးပေ့ါ၊ ဒီလောက်ဆို။ ကိုယ်က ယူပြီပဲ ထင်တာပေါ့။တစ်ထောင်ပဲကွာတော့တာမလားဗျာ။“ဟင့်အင်း၊ မရဘူး၊ ခြောက်ထောင်အတိပဲ”

ကိုင်း ခက်ပြီ၊ ငွေလေးတစ်ထောင်နဲ့များကွာ ကပ်နေသေးတယ်။ကိုယ့်မှာ အားကလည်းနာ၊ မျက်နှာကလည်းပူ။

“ခြောက်ထောင်တော့ တကယ်မရလို့ပါ”
“မရရင်လည်း ထားလိုက်တော့၊ ကဲ လာသွားမယ်”

ကိုယ့်လက်ကို ဆွဲပြီး ထွက်သွားပါတယ် ကိုယ်ဒီလောက်တော့ နပ်ပါတယ်၊ ဒါက ဈေးဆစ်တဲ့
နည်းဗျူဟာတွေထဲမှာ နောက်ဆုံးထုတ်သုံးရတဲ့ အကွက်မလား။

လိုချင်တဲ့ဈေးနဲ့ မရလို့ အချေအတင်ဖြစ်ရင်း ဈေးဝယ်ကစိတ်ကုန်ပြီး ထွက်သွားဟန်ပြင်မယ်၊ ခြေလှမ်း ငါးလှမ်းအကွာ

စက္ကန့် သုံးစက္ကန့်ခွဲလောက်အကြာမှာ ဈေးသည်က ကဲလာပါယူသွား၊ ယူသွား၊ ဖောက်သည်ရင်းမို့၊ ဈေးဦးပေါက်မို့၊

အရှုံးခံပြီး ပေးလိုက်မယ် ဘာညာသရကာ နေကြာကွာစေ့ပေ့ါ။အခုလည်း အထက်ဖော်ပြပါ ဈေးဆစ်ခြင်း နည်းဗျူဟာအဟောင်းနဲ့ပဲ သိသိကြီးနဲ့ ရလာခဲ့ပါတယ်။

“ရှင်ဘာသိလို့လဲ၊ ဒါမျိုးတွေက အဲ့လောက်ဆစ်မှ
တော်ကာကျတာ” တဲ့။

သြော်။
ကိုယ်တွေကတော့ ဈေးဝယ်တဲ့အခါ သိပ်ဆစ်တတ်တဲ့အထဲမှာ မပါပါဘူး။ တခါတလေ ဆစ်လို့ရရင်တောင်မကောင်းတတ်လို့ “လျှော့ဦးလေ” လို့ပဲ ပြောတဲ့အဆင့်ပါ။

လျှော့ရင်လည်းယူတယ်၊ မလျှော့ရင်လည်း ယူတယ်ပေါ့။ဒီလိုနဲ့တစ်နေ့ သူကလိမ္မော်သီးဝယ်ရအောင်လို့ ပြောပါတယ်။ပြောရင်းဆိုရင်း သူနဲ့အတူ လမ်းလျှောက်နေတုန်း လမ်းဘေးမှာ

လိမ္မော်သီးနဲ့ ငှက်ပျောသီး ထိုင်ရောင်းနေတဲ့ အဘွားတစ်ယောက်ကို သွားတွေ့ပါတယ်။

“သူက လိမ္မော်သီးကို ဒီမှာ ဝယ်မယ်” ဆိုပြီး ပြောပြောဆိုဆိုနဲ့အဲ့ဒီ အဘွားရှေ့မှာ ဆောင့်ကြောင့်ထိုင်ပြီး လိမ္မော်သီးတွေရွေးပါလေရော။

တကယ်ဆို အဲ့ဒီအဘွားရောင်းတဲ့ လိမ္မော်သီးတွေကသိပ်ပြီး အရည်အသွေးကောင်းတာမျိုးမဟုတ်သလိုကိုယ်တွေလိုချင်တာမျိုးလည်း မဟုတ်ပါဘူး။

တောဘက်က တက်လာပြီး ရောင်းတယ်လို့ ယူဆရတဲ့အဘွားက အသက်လည်း တော်တော်ကြီးနေပြီဖြစ်သလိုနွမ်းနွမ်းလျလျနဲ့ လက်ကျန်ဘဝကို ခက်ခက်ခဲခဲရုန်းကန်နေရတဲ့ အနေအထားမျိုးပါ။

ဒီလိုအချိန်မှာ သူက အဘွားဆီက လိမ္မော်သီးတွေ
ဝင်ရွေးနေတော့ အဘွားခင်ဗျာ အားတွေတက်ပြီး
ပျော်လို့ပေ့ါဗျာ။ မျက်စိထဲ မြင်ယောင်ကြည့်ပေါ့။
ပြီးတော့ ဇာတ်လမ်းက စပါပြီ။

“ဘယ်လောက်ကျလဲ အဘွား”တဲ့။
ကိုယ်ထင်တာကတော့ လုပ်တော့မယ်ပေ့ါ၊ အဘွားကဈေးပြောရင် ထုံးစံအတိုင်း ဆစ်ဦးမယ်ပေ့ါ၊ ခေါက်ချိုးတွေ။

အဘွားကလည်း အပိုတွေ ထည့်ပေးရင်း ဈေးပြောပါတယ်။သုံးထောင်တဲ့။

သူကပြုံးပြီး ငါးထောင်တန်တစ်ရွက် ထုတ်ပေးတယ်။“ငှက်ပျောသီးလည်း ယူဦးမယ် အဘွား၊ ပိုသေးရင်ပြန်မအမ်းနဲ့တော့”

ငှက်ပျောသီးနဲ့ လိမ္မော်သီးတွေ ဆွဲရင်း ထွက်လာကြတော့အဘွားက ကိုယ်တွေကို တွေတွေကြီးငေးရင်းကျန်နေခဲ့ပါတယ်။

အဲ့ဒီအချိန် ကိုယ့်စိတ်ထဲမှာ ပြောမပြတတ်တဲ့ ကြည်နူးမှုတစ်ခုကိုသိမ့်ကနဲ ခံစားလိုက်ရတယ်။
သူ့ကို စိုက်ကြည့်ရင်း မေးလိုက်တယ်။

“ဒီတစ်ခါကျ ဈေးမဆစ်တော့ပါလား” လို့။
သူကိုယ့်ကို မျက်စောင်းတချက်လှမ်းခဲရင်း ဆတ်ကနဲ ပြန်ဖြေပါတယ်။

“မသိရင် မှတ်ထား၊ ဈေးဆိုတာ ဝယ်တတ်ရင် ကုသိုလ်ရတယ်ရှင့်”တဲ့။ခရကျဒဈ