ကျွန်မ၏ တင်ပါးကို ယားလွန်း၍ ကုတ်မိသည်။သူငယ်ချင်း နှစ်ယောက် ဘေးမှာရှိသည် ။ တစ်ယောက် က မော်လီ တစ်ယောက်က ခင်မြရည် ဖြစ်သည် ။ကျမ ယားလို့ တင်ပါးကုတ်မိတဲ့ အခါ သူငယ်ချင်း မော်လီက ဓာတ်ပုံ ဖျတ်ခနဲ ရိုက်ချလိုက်သည်။
ပြီးတော့…၊ ပလွတ် ဆိုပြီး အင်တာနက် ချိတ်ပြီး ဖေ့ဘုတ်ပေါ် တင်ချလိုက်သည် ။ ကျမ တို့ သုံးယောက် အတူရှိသည် ဆိုတော့ tag တွဲတင်လိုက်သည် ။ ဆေးထိုးလိုက်ပီ ဟု မော်လီ က ရေးတင်လိုက်သည် ။ ခင်မြရည်က အရင် like ဝင်လုပ်သည် ။
ကျမ တွေ့ တော့ သူတို့ နှစ်ယောက်ကို မျက်စောင်းထိုးလိုက်ရုံသာ အပြစ်ပေးမိသည် ။ ကျမ တို့ လုပ်မိသည်က ပျော်စေပျက်စေသဘောသာ ဖေ့စ်ဘုတ် ကိုယ်စီပိတ်လို့ ကျမတို့ မုန့်ဆက်စားသည် ။မုန့်စားနေစဉ် နာရီဝက်အတွင်း မှာပင် ကျမတို့ မျိုးဖျက်မ ဘ၀ ရောက်သွားလိမ့်မည် ဟု လုံး၀ အမတွေးမထင်ထားမိ ။
ဖေ့စ်ဘုတ် ပြန်ဖွင့်လိုက်တော့ ကျမပုံကို Share လုပ်ထားသူ ၂၀၀ ကျော်နေပေပြီ။ကောမန့်များတွင် မြန်မာအမျိုးသမီး ဖြစ်ပြီး အရှက်မရှိကြောင်း ၊တင်ပါးဆိုသည်မှာ ကုတ်ရန်မဟုတ်ကြောင်း ၊အီးအီးပါရာတွင်နှင့် ထိုင်ရာတွင်တာ သုံးသင့်ကြောင်း ၊ကျမတင်ပါး ကုတ်လိုက်သဖြင့်…
မြန်မာအမျိုသမီးများအတွက် များစွာ သိက္ခာကျ ကြောင်း ရေးသားထားကြသည် ကို မြင်လိုက်ရသည်။မြတ်စွာဘုရား… ၊ ကျမ တင်ပါး ကို ရိုးရိုးသားသား ယား၍ ကုတ်လိုက်ခြင်းသာဖြစ်သည် ။တစ်နိူင်ငံလုံး ကို စော်ကားလိုစိတ်မရှိကြောင်း ပြောရဲပါတယ် ။
ကျမ တင်ပါး ကျမ ပိုင်သည် ထင်သဖြင့် အားရပါးရကုတ်လိုက်မိခြင်းသာဖြစ်သည် ။ သူငယ်ချင်း ကလဲ ကျမတင်ပါး ကျမ ပိုင်သည် ထင်သောကြောင့်ပဲ ရိုက်တင်လိုက်ခြင်းသာဖြစ်ပေလိမ့်မည် ။ကောမန့် တစ်ခု ဖတ်ပြီး ကျမ တော်တော် လန့်သွားတယ် ။
ဥပဒေ ဖြင့် ထိရောက်စွာ အရေးယူသင့်သည်တဲ့ ။အမလေး ! ! ! မြတ်စွာဘုရား ကယ်တော်မူပါ ။ သူ့ ကောမန့်ကိုတင် Like နှစ်ဆယ်ကျော် ဝိုင်းလုပ်သွားကြသည် ။ကျမဟာကျလဲသံသယဝင်သွားသည် ။ငါ ကုတ်မိတာ လွန်သွားလား ။မထင်ပါ ။ကျမ ကုတ်တုန်း က သတိပင်မထားမိပါ ။
သူငယ်ချင်း ပုံရိုက်လိုက်မှသာ ကျမ ကုတ်လို့ ကုတ်မိမှန်း သတိထားမိပါသည် ။ကျမက ခန္ဓာကိုယ် လှသဖြင့် မြန်မာဝတ်စုံဝတ်တတ်ပါသည် ။မုန့်စားနေရင်း တင်ပါးနားက ယားလှသဖြင့် အားရပါးရ ကုတ်မိပါသည် ။မော်လီမ ကို လှမ်းဆဲရင်း ပုံဖျက်ဖို့ ပြောပါသည်။
မော်လီကော၊ခင်မြရည် ကောကျမကို တောင်းပန်ကြပါသည်။သို့သော် သူတို့ နှစ်ယောက်လည်း အခြေအနေမကောင်းပေ ။ကျမတင်ပါးကုတ်နေသည့် ပုံတင်မဟုတ် ၊ သူတို့နှင့်တွဲ၍ ရိုက်ထားသောပုံပါ ပါသည် ။ကျမတို့ကို ဂိုဏ်း ဖွဲ့ထားပြီး ရည်ရွယ်ချက်ရှိရှိ လုပ်ကြသည် ဟု တချို့ က ရေးသားထားကြသည် ။
ကျမတို့ မုန့်စားရင်း ချက်ချင်းကြီး တနိူင်ငံလုံး တံတွေးခွက်ထဲ ပက်လက်မျောလိမ့်မည် ဟု မတွေးထားမိ ။ခုတော့ ကျမတို့ သုံးယောက် ပက်လက်ကော မှောက်လျက်ကော မျောနေပေပြီ ။ကျမက တင်ပါးပါ ကုတ်သဖြင့် ဇောက်ထိုးပါ မျောနေပေပြီ ။
တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်၍ မျက်ရည်ဝဲနေမိကြပေပြီ ။ကျမတို့ သုံးယောက် အစားကို ဆက်မစားနိူင်ကျ ။တူ ကို ပါးစပ်က ကိုက်ပြီး ဒူးတုန်နေကြသည် ။ကံဆိုးလှပေသည် ။ ကျမ တို့ ပုံဖျက်လိုက်သော်လည်း မမှီတော့ ၊ ကျမ တို့ ပုံနှင့် တခြားပေ့ချ် မှာ တက်နေပေပြီ ။
မြတ်စွာဘုရား like က 1 k ။ ကျမ ကို friend request 200 လောက် တက်လာသည် ။ကျမ တင်ထားသော နောက်ဆုံးပုံအောက် မှာ အမျိုးဖျက်မ လို့ လာမန့်ကျသည် ။ကျမအဖေ နှင့် တွဲရိုက်သော ပုံအောက် မှာ ကျမ ရဲ့ စပွန်ဆာ ဟု ပြောသည့် ကောမန့်တတ်လာသည် ။
မကြာပါချေ… ၊ ပေချ်တစ်ခု က ထပ်တက်လာပြီး ကျမကို ပယ်ပယ်နယ်နယ် ဆဲကျသည် ။မဖြစ်ချေဘူး… ကျမ တုန့်ပြန်မှရတော့မည် ဖြစ်သည် ။ကျမ တင်ပါး ကုတ်မှုသည် အချိန်မရွေး လူထုကြားထဲ ပြန့်နှံြ့ပီး လွှတ်တော်ထဲ အရေးကြီးအဆို အဖြစ် ရောက်သွားနိူင်သည်မလား ။
ထိုအခါလူထုကြားထဲ အမျိုးသမီးများ တင်ပါး ကုတ်ခွင့် မကုတ်ခွင့် မဲခွဲဆုံးဖြတ်ကြလိမ့်မည်။အကယ်၍ မကုတ်ခွင့် တွင် မဲအရေအတွက် ၊ များ သွားပါက ၊ တခြားအမျိုးသမီး များကပါ ကျမကို ဝိုင်းဖြဲလိမ့်မည် ။နင် ယွလို့ ၊ ငါတို့ အခု ငါတို့တင်ပါး ငါတို့ မပိုင်တော့ဘူး ဆိုပြီး သတ်လိမ့်မယ် ။
ကျမတို့ ပိုက်ဆံအမြန်ရှင်းပြီး ကျမတို့အိမ်ကိုပြန်ပြေးကြသည် ။ကျမ ဖြေရှင်းဖို့ စတင်ရပါပြီ ။အရင်ဆုံး ကျမ အမေ့ဆီက အိမ်ထောင်စု စာရင်းတောင်းရသည် ။အဖေဆိုတာ သေချာကြောင်း အရင်ရှင်းရပါမည် ။ကံဆိုးချင်တော့ အဖေ့နာမည်က နှစ်မျိုး။ မှတ်ပုံတင် နှင့် အိမ်ထောင်စု နှင့် ကွဲနေသည် ။
မဖြစ်ချေ အမှုပိုကြီးလိမ့်မည် ။အမေက အဖေ့ကို အားဘွားရှလူး နေသည့်ပုံ ချော့မော့ရိုက်ခိုင်း ရသည် ။အဲ့ပုံနှင့် အမေတို့ မင်္ဂလာဆောင်ပုံ နှင့် မိသားစု ငါးယောက် ပုံကို တစ်ပေါင်းတည်း တင်ပြီး အဖေ ဖြစ်ကြောင်း ရှင်းရသည် ။ခင်မြရည်ကပြောသည် ၊ ဟဲ့ ငါတို့ သုံးယောက် cover photo ကို ဘုရားပုံ မြန်မြန်ချိန်းရအောင် ဟု ပြောလာသည် ။
လိုလိုမယ်မယ် သုံးယောက်သား တစ်ယောက် တလှည့် အိမ်ထဲမှာတင် ယောဂီအကျီ ၤ ဝတ်ပီး ဓာတ်ပုံ ရိုက်လို့ pofile pic ပါ ပြောင်းလိုက်ကြသည် ။မပြောနိူင် ၊ တင်ပါးကုတ်ရင် မြန်မာသိက္ခာကျသည် ဟု အပြောခံရသလို အချိန်မရွေး ကျမတို့က isis အဖွဲ့ က ဖြစ်သည်ဟု မစွပ်စွဲဘူးလို့ မပြောနိူင် ။
ကျမ တို့ သုံးယောက် ဒူးခေါင်းချင်း တဂတ်ဂတ် မြည်အောင် ရိုက်ရင်း ကြောက်ချေးပါနေကြပေပြီ ။ မော်လီက ပိုကြောက်နေသည် ၊ သူစသည့် ဇာတ်လမ်း မဟုတ်ပါလား ။စပွန်ဆာ ပြဿနာ ရှင်းလိုက်နိူင်ပေမဲ့ တင်ပါးကုတ်ခြင်း ပြဿနာ က မပြီးနိူင်သေး ။ကျမ တင်ပါးကုတ်နေပုံသည် 4.1k အဖြစ်ရောက်သွားနေပေပြီ ။မဖြစ်ချေ .မဖြစ်ချေ ။
ကျမ ပထမဆုံး သူငယ်ချင်း နှစ်ယောက်ကို ၊ ကျမတွင် ပွေးနည်းနည်းရှိကြောင်း ဝန်ခံရသည်။ဘယ်သောအခါ မှ တင်ပါးလှန်ပြပြီး ပွေးကွက်ရှိကြောင်း တောင်းပန်ရလိမ့်မည်ဟု ကြိုမတွေးထားမိ ။ကျမ အဖြစ်က မနှစ်ကနှင့်ပင် မတူ ။ ဇာတ်လမ်း က မှတ်တမ်း မဟုတ်။နိူင်ငံကျော်ပေတော့သည် ။
ကျမ လိမ်းသော ညစ်ဆေးဘူး နှင့် ကျမတင်ပါးက ပွေးကွက်လေး ကို ဓာတ်ပုံ ကပ်ရိုက်လိုက်သည် ။ ပွေးကွက် မြင်ရုံသာ ။ကျမ စာရှည်ရှည်ရေးသည် ။ကျမ ဘဝတွင် ပွေးကွက် စပေါ်လာပုံ ။ကျမ ပွေးကွက်အပေါ် နာကြည်းပုံ ။ကျမဘာတွေစားလျှင်မတည့်ပုံ ။ရှည်လျား ထွေပြားစွာရေးပြီး ဓာတ်ပုံနှင့် လူ နှစ်ဆယ် လောက် ကို tag တွဲတင် လိုက်သည် ။
အဟင့်ဟင့်… ရှက်လိုက်သည့် ဖြစ်ခြင်း ။ပွေးကွက် အကြောင်း စီကာပတ်ကုံးရှင်းပြပြီး အင်တာနက်ပေါ်တင်ရသည့် ဘ၀ ။သို့သော် ကိုယ့်wall ပေါ်ကိုတင်ရုံနှင့် မပြီး ။ကျမ ပရိသတ် အဲ့လေ ယောင်လို့ ကျမ တင်ပါးကုတ်နေပုံ စတေးတပ်အောက်က ကောမန့် ပိုင်ရှင်တိုင်းကိုသိအောင် လုပ်ရပေမည် ။ဒါမှ ကျမ သတင်းကို ထိန်းနိူင်ပေမည် ။
ကျမ တင်ပါး မှာ ပွေးကွက်ရှိ၍ ကုတ်မိကြောင်း ၊ ကျမ မှားမှန်း အခုသိပြီ ဖြစ်ကြောင်း ၊ နောက်နှောင် ဆင်ခြင်ပါမည် ဟု ကတိပြုကြောင်း ရေးပြီး ကောမန့် များအား reply လိုက်ပြန်ပါသည် ။ကျမ မျက်နှာ ပူသည် ဟု ဆိုရမလား၊ အေးသည်ဟု ဆိုရမလားပင် မသိတော့ပါ ။ကျမနာမည် နှင့် အကောင့်ပေါင်းမြောက်များစွာ၊ page မြောက်မြားစွာပေါ်လာပါသည် ။
ကျမ၏ တောင်းပန်မှုကြောင့် ကျမ ၏ တင်းပါကုပ်ခြင်း အမှုသည် လွှတ်တော်အထိ ရောက်မသွား ။ ခံဝန်ကတိလောက်နှင့်သာ ပြီးသွားသည် ဟု ဆိုရပေမည် ။ကျမကို နောက်တစ်နေ့ သတင်းမီဒီယာ တစ်ခုက အင်တာဗျူးလိုကြောင်းပြောလာသည် ။ယခုဆိုရင် ကျမ ဆယ်လီတစ်ယောက် ဖြစ်နေပေသည်။
နောက်တစ်လ ထဲတွင် ပွေးဝဲယားနာ လိမ်းဆေး ကြော်ငြာတစ်ခု ရိုက်ရန်ပင် လက်ခံထားပါသေးသည် ။ဘာပဲဖြစ်ဖြစ် …ကျမဘဝကို ဖေ့ဘုတ်က တစ်ဆစ်ချိုးပြောင်းလဲ ပေးခဲ့ပါပြီ ။ပြီး ပါ ပြီ ။Moe Zek…..အထူးသတိပေးချက်။ ။ တင်ပါးလိုက်မကုတ်ပါနှင့်…..။