တူရကီနိုင်ငံမှာ လူတယောက်ဟာ မမျှော်လင့်ဘဲ လူပျောက်ရှာ လူအုပ်ကြီးနဲ့ တွေ့ပြီး သူပါ ဝိုင်းရှာပေးခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလူတွေ ရှာနေတဲ့ လူပျောက်က သူကိုယ်တိုင်ပဲ ဆိုတာတော့ မသိခဲ့ပါဘူး။
Beyhan Mutlu ဟာ တူရကီ လူမျိုးဖြစ်ပြီး အသက် ၅၀ ရှိပါပြီ။ Bursa ပြည်နယ်မှာ နေထိုင်ပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့က သူနဲ့ မိတ်ဆွေတစု အရက်စုသောက်ခဲ့ကြပါတယ်။ ခပ်ထွေထွေ ဖြစ်လာတဲ့နောက်မှာ သူအနီးက တောအုပ် တခုထဲကို လမ်းလျှောက် ထွက်လာခဲ့ပါတယ်။
Mr Mutlu အချိန်တန်ပေမယ့် အိမ်ပြန်မရောက်လာတဲ့ အခါမှာတော့ ဇနီးသည်နဲ့ မိတ်ဆွေအပေါင်းအသင်းတွေ စိတ်ပူရပါပြီ။ ဒါနဲ့ သူတို့လည်း ဒေသအာဏာပိုင်တွေကို သတင်းပို့ လူပျောက်တိုင်ရပါတော့တယ်။
တောထဲမှာ လမ်းလျှောက်လာရင်း Mr Mutlu ဟာ လူတစုနဲ့ သွားဆုံပါတယ်။ ဒါနဲ့ သူလည်း အဲဒီ လူစုနဲ့ အတူ လိုက်သွားခဲ့ပါတယ်။ အဲဒီ လူတွေက လူပျောက် ရှာနေကြတာ ဖြစ်ပြီး ဘယ်သူ့ ရှာနေမှန်းတော့ သူမသိခဲ့ပါဘူး။
ဒါပေမယ့် လူပျောက်ရှာနေတဲ့ သူတွေထဲက လူတချို့က Mr Mutlu နာမည်ကို အော်ခေါ်လိုက်တဲ့ အချိန်မှာတော့ လူအုပ်ကြီးထဲကပဲ အသံတခု ထွက်လာခဲ့ပါတယ်။
” ကျွန်တော် ဒီမှာ ”
ရှာဖွေ ကယ်ဆယ်ရေး အဖွဲ့က လူတယောက် သူ့ကို ဘေးကို ခေါ်ထုတ်သွားပြီး စစ်ချက် ယူပါတယ်။
အဲဒီမှာ သူပြောလိုက်တာက သက်သက်ညှာညှာလုပ်ကြပါဗျာ။ အဖေသိရင် သတ်လိမ့်မယ် တဲ့။
ရဲက Mr Mutlu ကို အိမ်ပြန်ပို့ပေးလိုက်ပါတယ်။ ဒဏ်ငွေ တပ်သလားဆိုတာတော့ မသိရပါဘူးလို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြကြပါတယ်။