တံမြက်စည်းလေး ပုံပြင်

Knowledge
Spread the love

တစ်ခါတုန်းက တံမြက်စည်းသည်ကြီးက
တံမြက်စည်းနှစ်ချောင်းကို
ရောင်းချခဲ့တယ်။
ဝယ်တဲ့သူက တစ်ချောင်းကို
အိမ်ပေါ်မှာလှည်းဖို့နဲ့
တစ်ချောင်းကမြေကြီးမှာ
လှည်းဖို့ဆိုပြီး ဝယ်ခဲ့တာပေါ့။

မြေကြီးမှာ အလှည်းခံရတဲ့
တံမြက်စည်းက
နေ့စဉ်နေ့တိုင်း ဖှုန်တွေနဲ့လုံးပန်း
ကျင်ကြီးကျင်ငယ်တွေနဲ့ထိရ
ကြမ်းတမ်းတဲ့
ကျောက်စရစ်တွေနဲ့လဲ ကြုံရဆုံရတော့
သူ့ဘဝဟာ ကြမ်းသထက်
ကြမ်းလာတယ်တဲ့။

ဒီဟာကိုကြည့်ပြီး
သူ့ဘဝသူ အားငယ်တတ်လာတယ်။
အိမ်ပေါ်မှာ နေရတဲ့
တံမြက်စည်းလေးဖြစ်ရင်
သိပ်ကောင်းမှာ သူ့ဘဝကျတော့
နေလဲမပူ
ကြမ်းတဲ့ကျောက်စရစ်တွေနဲ့မတွေ့ရ
ကျင်ကြီးကျင်ငယ်နဲ့မဆုံနဲ့..
သူ့ဘဝသာယာနေမှာဘဲဆိုပြီး
သူ့မိတ်ဆွေ အိမ်ပေါ်လှည်းခံရတဲ့
တံမြက်စည်းကို အားကျနေတယ်တဲ့။

နောက်ပြီး သူကအိမ်ပေါ်မှာနေရတော့
သူက သင်းပျံ့တဲ့ရနံ့တွေနဲ့နေရမှာပဲ
ငါလိုဘဝမကြမ်းလောက်ဘူး
ငါလဲသူ့လိုဘဝရောက်ရင်
သိပ်ကောင်းမှာပဲဆိုပြီး….
အမြဲတွေးပြီးနေတတ်တယ်တဲ့။

ဒါနဲ့တစ်နေ့ သူ့သူငယ်ချင်းတံမြက်စည်းကို
လှေခါးနားမှာ ဆုံမိကြတယ်တဲ့။
စကားပြောဖြစ်ကြတယ်ပေါ့။

အိမ်အောက်မြေကြီးမှာအလှည်းခံရတဲ့
တံမြက်စည်းက

“သူငယ်ချင်း မင်းဘဝက
သိပ်သာယာတာပဲကွာ။
ငါ့လိုမကြမ်းတမ်းဘူး
မကောင်းတဲ့ရနံ့တွေနဲ့ မထိတွေရဘူး။
မင်းဘဝကသိပ်ပျော်စရာ
ကောင်းမှာပဲလို့ပြောရှာသတဲ့!

“မင်းလိုဘဝမျိုးနေချင်လိုက်တာ”
လို့ ခဏခဏပြောသတဲ့။

ဒါနဲ့အိမ်ပေါ်က…
တံမြက်စည်းကပြန်ပြောလိုက်တာက

” တကယ်တော့ အပြင်မြင်ရင်တော့
သာယာတယ်မင်းထင်ချင်ထင်လိမ့်မယ်
မသာယာပါဘူးကှာ။
လင်မယားချင်းရန်ဖြစ်လဲ
ငါ့ကိုဆွဲပြီး ရိုက်ကြတယ်။
တယောက်နဲ့တယောက်
ဆွဲကြ လုကြတယ်။

သားသမီးရိုက်ပြီးဆိုလဲ
ငါ့ကိုအသုံးပြုတယ်။
ဒါနဲ့တယောက်နဲ့တယောက်
ဆွဲကြလုကြပြန်ရော
ငါ့ဘဝက မင်းလိုမကြမ်းတမ်းပေမဲ့
နေ့စဉ် နားငြီးရသလို နာကျင်တဲ့ဝေဒနာ
ခံစားရတယ် စိတ်ရှုပ်ရတယ်။

ငါက ပင်ပန်းတာမခံရပေမဲ့
စိတ်ရှုပ်စရာကြီးပါ။

နောက်ပြီးငါ့ကိုဘယ်နားမှာထားတာလဲ
မင်းသိလား ခြေနင်းခုံနားမှာထားတာ
ဟိုလူလာလဲ တိုက်သွား
နင်းသွား နဲ့ မင်းကွာ
သေချင်စော်ကိုနံရော”

လို့ပြောပြလိုက်တော့…
အိမ်အောက်တံမြက်စည်းက
သူ့ဘဝသူကျေနပ်သလိုခံစား
ခံစားရသွားတယ်တဲ့။

သူကတွေးလိုက်သည်မှာက
ဪ.. အပြင်ပုံသဏ္ဌာန်လှပေမဲ့..
ဘဝဒုက္ခထွေထွေက
ငါ့ထက်များလှပါလား
တကယ်တော့ ငါ့ဘဝက ကြမ်းပေမဲ့
သူ့လောက်မဆိုးသေးပါလားလို့ တွေးပြီး
ခေါင်းငုံ့ကာ သူငယ်ချင်းနှစ်ယောက်
သူ့နေရာသူပြန်ကြသတဲ့။

ပုံပြင်လေးကတော့ ဒါပါပဲ။
လောကလူတွေလဲ
ပုံပြင်လေးထဲကလို
အပြင်မှာကြမ်းလို့လဲ စိတ်မပျက်နဲ့
အိမ်ကောင်းကောင်းနဲ့နေနေရတယ်
သင်းပျံ့တဲ့ရနံ့တွေကြားမှာနေနေရတယ်
ဆိုပေမဲ့လဲ အားမကျနဲ့ အပြင်လှပြီး
အတွင်းပုတ်တာတွေအများကြီးပါ။

တကယ်တော့…
ကိုယ်ရထားတဲ့ဘဝလေးကို
အကျိုးရှိရှိပေးဆပ်ပြီး လောကကို
အလှဆင်ခွင့်ရနေတာလေးကိုက
ကျေနပ်စရာဖြစ်အောင်
ကြိုးစားပြီးနေထိုင်သင့်ပါတယ်။

အပြင်မှာကြမ်းပေမဲ့ အတွင်းမှာ..
သင်းပျံ့တဲ့ရနံ့ရှိအောင်
ကြိုးစားပြီးနေထိုင်မယ်ဆိုရင်..
ဘဝဟာသာယာပါတယ်။

Credit-aungthuyawin