နှစ်ပေါင်း ၃၀ ကြာဆေးလိပ်သောက်သုံးခဲ့သူရဲ့ မီးသွေးလိုမဲနက်နေတဲ့ အဆုတ်

Knowledge
Spread the love

နှစ်ပေါင်း ၃၀ ကြာဆေးလိပ်သောက်သုံးခဲ့သူရဲ့ မီးသွေးလိုမဲနက်နေတဲ့ အဆုတ်

အခုဖော်ပြမယ့်အဖြစ်အပျက်ကတော့ လွန်ခဲ့တဲ့နှစ်ကဖြစ်ခဲ့တာပါ။ ဒါပေမဲ့ ရိုးမသွားတဲ့အကြောင်းအရာမို့ ဆေးလိပ်သောက်တတ်သူတိုင်းရဲ့ ကျန်းမာရေးအတွက်ရည်ရွယ်ပြီး ဖော်ပြပေးချင်ပါတယ်။ ဆေးလိပ်သောက် ခြင်းဟာ နှလုံးနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေကို ဖြစ်စေတယ်ဆိုတာ သိပြီးဖြစ်မှာပါ။

ပြီးခဲ့တဲ့နှစ်တုန်းက တရုတ်နိုင်ငံ၊ Wuxi People ဆေးရုံက ဆရာဝန်တွေဟာ အဆုတ်ရောဂါနဲ့သေဆုံးသွားခဲ့တဲ့ အသက် ၅၂ နှစ်အရွယ် အမျိုးသားကြီးတစ်ဦးရဲ့ ကိုယ်တွင်းအင်္ဂါတွေကို ထုတ်ယူခဲ့ကြပါတယ်။ အဲဒီလူနာဟာ သူသေဆုံးသွားတဲ့အခါ သူ့ရဲ့ ကိုယ်တွင်းအင်္ဂါတွေကို လှူဒါန်းဖို့ သဘောတူလက်မှတ်ရေးထိုးထားသူပါ။

အဲဒီခွဲစိတ်မှုကို ဦးဆောင်ပြုလုပ်ခဲ့တဲ့ အဆုတ်အစားထိုးခွဲစိတ်အထူးကုတစ်ဦးဖြစ်သူ Dr Chen ရဲ့အဆိုအရ လူနာမဆုံးခင်က CT scan မဖတ်လိုက်ရကြောင်း၊ သေဆုံးပြီးတဲ့အခါ အဆုတ်ကိုထုတ်ယူကြည့်ချိန်မှာတော့ အဲဒီကိုယ်တွင်းအင်္ဂါတွေကို ပြန်သုံးလို့မရတော့ကြောင်းကို သိရှိရပါတယ်။

အဆိုပါအမျိုးသားဟာ အသက်ရှိစဉ်က နှစ်ပေါင်း ၃၀ လောက် ဆေးလိပ်အရမ်းသောက်ခဲ့သူလို့လည်း သိရပါတယ်။ သူ့ရဲ့အဆုတ်ဟာ ပုံမှန်ရှိရမယ့်ပန်းရောင်သန်းသန်းအစား မီးသွေးလိုမဲနက်နေပြီး မီးခိုးမှိုင်းတွေကပ်နေတဲ့ ပုံစံမျိုးဖြစ်နေခဲ့တာပါ။

ါ့ပြင် Dr Chen က သူတို့နိုင်ငံက ဆေးလိပ်သောက်သူအတော်များများဟာ အဲဒီလိုအဆုတ်ပုံစံမျိုးရှိကြတယ် လို့လည်း ဆိုပါတယ်။ အဲဒါကြောင့် ဆေးလိပ်အရမ်းသောက်သူတစ်စုံတစ်ယောက်ရဲ့ အဆုတ်ကို သေဆုံးပြီးချိန်မှာ လှူမယ်ဆိုရင်တောင် အသုံးပြုဖို့မဖြစ်နိုင်တော့ပါဘူး။

ခွဲထုတ်ထားတဲ့ အဲဒီအဆုတ်ပုံကို မှတ်တမ်းတင်ရိုက်ကူးထားတဲ့ ဗီဒီယိုဟာ ဆိုရှယ်မီဒီယာပေါ်မှာ အတော်လေး ပျံ့နှံ့သွားခဲ့ပါတယ်။ ဆိုရှယ်မီဒီယာသုံးစွဲသူတချို့ကဆိုရင် “ဆေးလိပ်မသောက်ဖို့အတွက် အကောင်းဆုံးကြော်ငြာ” လို့တင်စားပြီး မျှဝေခဲ့ကြပါတယ်။