ပုဂံက အင်္ဂလိပ်လိုရေးထားသည့် ဘွဲ့နာမည်နှင့် ထူးခြားသည့်ဘုရားတစ်ဆူအကြောင်း

Knowledge Lifestyle
Spread the love

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင် ထူးထူးဆန်းဆန်း အင်္ဂလိပ်နာမည်နှင့် ဘွဲ့ပေးထား သောဘုရားတစ်ဆူ ရှိသည်။

ထိုဓမ္မရံကြီးဘုရားသွားရာ လမ်းတွင် ရှိသော ဤဘုရားမှာ MR. SCOVELL’S PAWDAWMU (မစ္စတာ စကိုဘယ် ၏ ပေါ်တော်မူဘုရား) ဟု အင်္ဂလိပ် ဘာသာဖြင့် ကမ္ပည်း ရေးထိုးထားသည်ကို တွေ့ရသည်။

ဤဘုရားဘွဲ့ ဖြစ်လာပုံကို ပြန်လေ့လာကြည့်မည် ဆိုလျှင် ( 1899 ) ခုနှစ်ခန့်က ဖြစ်ခဲ့သည်။ ပုဂံဝက်ကြီးအင်း ဂူပြောက်ကြီးဘုရားရှိ နံရံပန်းချီကို

ဂျာမန်လူမျိုး ဒေါက်တာ Dr. Thoman က သုတေသနပြုရန် အကြောင်းပြပြီး လွှဖြင့်တိုက်ဖြတ်ကာ အပိုင်းလိုက် ခိုးယူသွား ခဲ့ဖူးသည်။

ဖွားစောရွာသူကြီး ဦးထွန်းဦးသည် နွားပျောက်ကာ လိုက်ရှာရင်း ထိုခိုးယူမှု ကိုတွေ့သောအခါ ပခုက္ကူ အရေးပိုင် Mr. Scovell မစ္စတာစကိုဘယ်လ်ထံ တရားလိုပြု တိုင်တန်း ခဲ့သည်။

ထို့ကြောင့် မစ္စတာစကိုဘယ်လည်း ထော်မန်ကို ဖမ်းဆီးကာ အိန္ဒိယ အာဏာပိုင်လက်ထဲသို့ လွှဲအပ်ပေးလိုက်သည်။ ထော်မန်ခိုးယူခဲ့သည့် ပစ္စည်းများကို

သိမ်းဆည်းရန်အတွက် ( 1904 ) ခုနှစ် ပုဂံတွင် ယခုပုဂံ ပြတိုက်ကြီး ဖြစ်ပေါ်လာစေမည့် ကမ္ပည်းကျောက်စာဌာန ဟူ၍ ဌာနတစ်ခုကို စတင်တည်ထောင် ပေးခဲ့သည်။

နောင်တွင် နိုင်ငံခြားသား ခိုးယူလျှင် ပြည်ဝင်ခွင့်ပိတ်ကာ နိုင်ငံသားဖြစ်လျှင် ထောင်ဒဏ် ( ၃ ) လ ချမှတ်သည့် ဥပဒေကို ရေးဆွဲပြဌာန်း ပေးခဲ့သည်။

မစ္စတာစ ကိုဘယ်လ်သည် ဦးထွန်းဦးနှင့် ပတ်သက်မှုများလာကာ ရှေးဟောင်းမြန်မာမှုကို နှစ်သက်မြတ်နိူး လာသည်။ တစ်နေ့သောအခါ ပုဂံတွင်

ဘုရားတစ်ဆူ ပြိုကျသည်ကို ဦးထွန်းဦးက အစီရင်ခံသဖြင့် မစ္စတာစကိုဘယ်လည်း ပခုက္ကူမှ ပုဂံသို့ ဆင်းလာသည်။

စကိုဘယ်သည် ထိုအုတ်များအား ဖယ်ရှားစေသောအခါ အတွင်းပိုင်းတွင် အင်္ဂတေပန်းတို့ အကောင်းနီးပါး ကျန်နေသော ဘုရားတစ်ဆူ ပေါ်လာသည်။ ထိုဘုရား၏ အောက်ခြေကိုလည်း ပြန်လည်ပြု ပြင်ခဲ့သည်။

ဖွားစောရွာသူကြီး ကလည်း ဤကဲ့သို့ ဥပဒေသစ်ရေးဆွဲ ပေးခြင်း ၊ ရှေးဟောင်း အဆောက်အဦး များကို ကာကွယ်စောင့်ရှောက်ပေးခြင်းတို့ကို ဆောင်ရွက် ပေးခဲ့သော

မစ္စတာ စကိုဗယ်လ်ကို ကျေးဇူးတင်သည့် အနေဖြင့် ထိုဘုရားကိုလည်း မစ္စတာ စကိုဘယ်၏ ပေါ်တော်မူဘုရားဟု ဘွဲ့တော်ပေးလိုက် သည်။

ဘုရားသည် ပုဂံခေတ် အစောဆုံးလက်ရာများမှ ဘုရားတစ်ဆူဖြစ်သည်။ သဇင်ကို အခြေခံထားသည့် ကနုတ်ပန်းများဖြင့် ပူဇော်ထားသည်။

ထိုကနုတ်ပန်းများသည် ပုဂံပန်းဟုခေါ်တွင်ရမည့် ဘီလူး ပန်းဆွဲ၏ ရှေ့ပြေးပန်းဒီဇိုင်းများ ဖြစ်ပေလိမ့်မည်။

စေတီ၏ အထက်ပိုင်းတွင် ငှက်ပျောဖူး၊ ကြာလန်၊ ကွမ်းတောင်ကို တဖြည်းဖြည်းခြုံယူသည့် ပိရမစ်ပုံစံနှင့် ခေါင်းလောင်းပုံတို့ရှိပြီး ခေါင်းလောင်းပုံအခြေတွင်

ရှစ်မြှောင့် ဖောင်းရစ်များရှိကာ အနားခြောက်မြှောင့်ရှိ ပစ္စယာသုံးဆင့်ပေါ်တွင် တည်ဆောက်ထားသည်။

ပေါ်တော်မူစေတီကို မပျက်မစီး တွေရ၍ ပုဂံခေတ်ဦးပိုင်း စေတီ၏ အပေါ်ပိုင်းဆိုင်ရာ တည်ဆောက်မှုကို လေ့လာသိရှိနိုင်ပေသည်။