ဗိုလ်ချုပ်အောင်ဆန်း အရှက်ကြီး ရှက်ခဲ့တဲ့ကိစ္စတခု

Knowledge
Spread the love

ဗိုလ်ထွန်းလင်း (ပြည်သူ့ရဲဘော်) သည် ဗိုလ်ချုပ်အိမ်သို့ လမ်းလျှောက်လာခဲ့သည်။ အကြောင်းမှာ ပြည်သူ့ရဲဘော် ကိစ္စတစ်ခုအတွက် ဆွေနွေးရန် ဗိုလ်ချုပ်က သူ့အိမ်သို့ သတင်းပို့ရန် မှာကြားသောကြောင့် ဖြစ်၏။

ကနေဒီကျွန်း (ယခု မြေပဒေသာကျွန်း) ကို ဖြတ်၍ တာဝါလိန်းလမ်းဖက်ကို လျှောက်လာခဲ့၏။ အချိန်ကား မှောင်ရီပျိုးချိန် ဖြစ်နေပြီ။ လမ်းမီးတိုင်များမှ မီးများစထွန်းနေပြီ။ သို့သော် အနီးတဝိုက်ရှိ လူနေအိမ်များမှ မီးများပျက်နေသည်။

ဗိုလ်ချုပ်အိမ်တော့ မီးလာမှာပါ။ အဘယ်ကြောင့်ဆိုသော် ဗိုလ်ချုပ်သည် ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် ဒုဥက္ကဌ ဖြစ်နေပြီ။ အရေးကြီးအစိုးရအဖွဲ့အကြီးအကဲများ အိမ်သို့ အထူးမီးလိုင်းများ တပ်ဆင်ပေးထားသည်။ သူသည် ဗိုလ်ချုပ်အိမ်ရှေ့သို့ ရောက်ပေပြီ။

“ဟေ့…ရပ်…ဘယ်သူလဲ” ပြည်သူ့ရဲဘော် တပ်ဖွဲ့ဝင်ကင်းသမား၏ အသံဖြစ်သည်။ “ရဲဘော် ငါ ထွန်းလင်းပါ..ဗိုလ်ချုပ်ခေါ်ထားလို့ကွ” “ဟာ..ဗိုလ်လေး ဝင်ပါ ခင်ဗျာ” “ဟေ့ကောင်တွေ..မင်းတို့မီးမဖွင့်ကြဘူးလား” မေးလိုက်၏။
ထိုအခါ ကင်းတဲထဲမှ ကင်းမှူးထွက်လာပြီး ဗိုလ်ချုပ်ကိုကြောက်၍ ဓာတ်မီးမဖွင့်ရဲကြောင်းပြောလေသည်။ ဗိုလ်ထွန်းလင်းသည် ဗိုလ်ချုပ်အိမ်ဘက် လျှောက်လာလေသည်။ အိမ်ထဲတွင် ရေနံဆီမီးအိမ်တစ်လုံးသာ ထွန်းထားလေ၏။ အိမ်ထဲသို့ရောက်သော် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်နဲ့တွေ့၏။

“မမကြည်…ဗိုလ်ချုပ်ကော…” “ဧည့်ခန်းထဲမှာ မင့်ကိုစောင့်နေတယ်”…..။ ဧည့်ခန်းထဲတွင် ဗိုလ်ချုပ်သည် တစ်ယောက်ထဲထိုင်ပြီး တစ်စုံတခုကို လေးလေးနက်နက် စဉ်းစားနေ၏။

“ဗိုလ်ချုပ် ကျွန်တော်ရောက်ပြီ ခင်ဗျာ့” အလေးပြုရင်း ပြောလိုက်၏။ “ဟေ့…ထွန်းလင်း..လာကွာ” “ဗိုလ်ချုပ်… ဓာတ်မီးမထွန်းဘူးလား..ဗိုလ်ချုပ်တို့အိမ်ကို မီးပေးထားတယ်လေ..မီးလာပါတယ် ဗိုလ်ချုပ်၊ ကျွန်တော်မီးဖွင့်လိုက်မယ်နော်…”

“ဟေ့ကောင် မထွန်းနဲ့ ဒီအတိုင်ထား..ငါရှက်တယ်ကွ..” ဗိုလ်ထွန်းလင်း ကြောင်တောင်တောင် ဖြစ်သွား၏။

“ဘာဖြစ်လို့လဲ ဗိုလ်ချုပ်” “ဟေ့ကောင် ငါအမြဲပြောနေတဲ့စကားလေကွာ၊ မင်းမမှတ်မိဘူးလား.. ပြည်သူတွေ ဆင်းရဲရင် ငါတို့လည်း ဆင်းရဲရမယ်လေ၊ မင်းလာတော့ မြင်ခဲ့မှာဘဲလေ.. မီးမလာဘူးလေ.. ငါတို့ပြည်သူတွေ မှောင်မှောင်မဲမဲထဲနေရတဲ့အချိန် ငါ့အိမ်က ဓာတ်မီးတွေနဲ့ ထိန်ထိန်လင်းနေတာ ငါရှက်တယ်ကွာ” အဲဒါကြောင့် မီးမထွန်းတာ”

ဗိုလ်ထွန်းလင်းလည်း ဘာမှမပြောတော့ပေ။ ထို့နောက် ပြည်သူ့ရဲဘော်ဌာနချုပ်အတွက် မှာကြားစရာရှိသည်များကို မှာကြားလေတော့သည်။ ဗိုလ်ထွန်းလင်း လည်းနာခံမှတ်သားပြီး ဗိုလ်ချုပ်ကို နှုတ်ဆက်အလေးပြုကာ မှောင်မှောင်မဲမဲထဲ တာဝါလိန်းလမ်းနေအိမ်မှ ပြန်လာခဲ့လေတော့သတည်း။

ဗိုလ်ထွန်းလင်း၏ စိတ်ထဲတွင် ငါတို့ခေါင်းဆောင်ဟာ ပြောရင်ပြောတဲ့အတိုင်း တကယ်လုပ်ပါလား…ပြည်သူကိုလည်း တကယ်ချစ်တဲ့ခေါင်းဆောင်ပါပေတကား…ငါတို့ခေါင်းဆောင်နဲ့ ဗမာပြည် လွတ်လပ်ရေးကြီးအတွက် ငါတို့ အသက်ကို စွန့်လွှတ်ဖို့အသင့်ပါ” ဟု ဆုံးဖြတ်ချက် ချလိုက်လေတော့ သတည်း…။

လောကပါလနတ်, Thet Moe