မကြာခဏ ဇက်ကို တဂျွတ်ဂျွတ်မြည်အောင် ချိုးတတ်သူများ သတိပြုဆင်ခြင်ဖွယ်

Knowledge
Spread the love

မကြာခဏ ဇက်ကို တဂျွတ်ဂျွတ်မြည်အောင် ချိုးတတ်သူများ သတိပြုဆင်ခြင်ဖွယ်

ကျွန်တော်တို့ တော်တော်များများ ဇက်ချိုးတာကို လုပ်တတ်ကြတယ်။ မကြာခဏလည်း ချိုးတတ်ကြတယ်။ အထူးသဖြင့် ကွန်ပျုတာရှေ့တစ်နေကုန်တစ်နေခမ်းထိုင်ပြီး အလုပ်လုပ်နေရသူတွေ၊ တစ်နေကုန် စာထိုင်ရေးနေရသူတွေ က များသောအားဖြင့်ဇက်ချိုးတာကို လုပ်တတ်ကြတယ်။ အညောင်းပြေအညာပြေ လို့သဘောထားကြတာကိုး …

အခုတော့ အဲ့ဒီလို အညောင်းအညာပြေဇက်အချိုးကောင်းပြီး ဘဝတစ်ခုလုံးပြောင်းလဲသွားခဲ့ရတဲ့ မိန်းကလေးတစ်ယောက်အကြောင်းပြောချင်လို့ပါ။ ကျန်တဲ့သူတွေလည်း သူမရဲ့အဖြစ်ကို ဒီဆောင်းပါးကနေ သင်ခန်းစာယူနိုင်ကြဖို့ သတိပေးလိုပါတယ်။နာတာလီခူနီကီ လို့ခေါ်တဲ့ မိန်းကလေးဟာ လန်ဒန်မြို့က ပရိုက်ဗိတ်ဆေးရုံကြီးတစ်ရုံရဲ့ လူနာတင်အရေးပေါ်ဌာနမှာ အလုပ်လုပ်နေတာပါ။ တစ်ရက်မှာတော့ သူမနဲ့သူမသူငယ်ချင်းက အိမ်မှာ နေရင်းတီဗွီကြည့်နေကြတယ်။ ကြည့်နေရင်း နာတာလီ က ဘာရယ်တော့မဟုတ် သူမရဲ့ဇက်ကို ရုတ်တရက်ချိုးလိုက်တယ်။ တီဗွီကြည့်ရင်း အညောင်းမိလာလို့နေမှာပါ။

ဒါပေမယ့် ဒီတစ်ခေါက်ချိုးလိုက်တဲ့အသံက အရင်အခေါက်တွေထက် တော်တော်ကျယ်တယ်။ အဲ့ဒါကို သူမလည်းသိတယ်။ ဒါပေမယ့် အမှုမဲ့အမှတ်မဲ့ပဲ။ ပြီးတော့ သူမက သန့်စင်ခန်းသွားဖို့ထလိုက်တဲ့အခါမှာတော့ နာတာလီ တစ်ယောက်မတ်တပ်မရပ်နိုင်တော့ပဲ ကြမ်းပြင်ပေါ်ကို ပုံရက်သားလဲကျသွားပါတယ်။ပြန်ထမယ်လုပ်တော့ သူမရဲ့ ခြေထောက်တစ်ဘက်က လှုပ်လို့မရဘူး။

အစကတော့ သောက်တာများသွားပြီး မူးနေတယ်ထင်လို့ အရေးပေါ်ဌာနကို ဖုန်းမဆက်ခဲ့ပေမယ့် ဒါဟာ အရက်ကြောင့်မဟုတ်မှန်း အရေးပေါ်ဌာန အတွေ့အကြုံတွေအရ နာတာလီ အလိုလိုသိလာခဲ့တယ်။

 

အရေးပေါ်ကားနဲ့ဆေးရုံရောက်တဲ့အချိန်မှာတော့ သူမအနေနဲ့ တုန်လှုပ်စရာဖြစ်ရပ်မှန်ကို သိခွင့်ရခဲ့ပါတယ်။ အဲ့ဒါကတော့ ရုတ်တရက် ဇက်ကိုချိုးချလိုက်တဲ့အချိန်မှာပဲ ကျောရိုးနဲ့ဆက်နေတဲ့ သွေးကြောမကြီးတစ်ခုလုံးပေါက်ထွက်သွားပြီး သွေးမလျှောက်နိုင်တော့ပဲ ဦးနှောက်ထဲမှာ သွေးခဲသွားတာပါ။

အကျိုးဆက်ကတော့ လေဖြတ်သွားခြင်းပါပဲ။ နာတာလီ အနေနဲ့ လမ်းလည်းမလျှောက်နိုင်တော့ပါဘူး။လက်ရှိအချိန်မှာတော့ ဆေးရုံရဲ့ကုသမှုတွေကို နာတာလီ တစ်ယောက်ခံယူနေသလို သူမဘဝကိုလည်း အကောင်းဆုံးဖြစ်အောင် ပြန်လည်တည်ဆောက်နေပါတယ်။ ဒါပေမယ့် သူမရဲ့အခြေအနေဟာ ပုံမှန်ပြန်ဖြစ်ဖို့ သိပ်မသေချာသလို ပြန်ကောင်းလာခဲ့ရင်တောင် အချိန်တွေအကြာကြီးကြာပြီးမှ ပုံမှန်အနေအထားကိုပြန်ရောက်မှာပါ။ ဆရာဝန်တွေအနေနဲ့လည်း နာတာလီတစ်ယောက်ဘယ်လိုအချိန်ကျမှ ပုံမှန်ပြန်ဖြစ်မလဲ ဆိုတာ ကျိန်းသေပေါက်မပြောတတ်ကြပါဘူး …။