“မန္တလေး မဟာမြတ်မုနိဘုရားကိုရောက်နေတဲ့ ကမ္ဘောဒီးယား အန်ကောဝတ် ကျောင်းတော်က ခမာ ကြေးရုပ်တုတွေရဲ့ဇစ်မြစ်ကို ဘယ်လောက်သိကြသလဲ? ” တဲ့ ။

Knowledge Lifestyle
Spread the love

“မန္တလေး မဟာမြတ်မုနိဘုရားကိုရောက်နေတဲ့ ကမ္ဘောဒီးယား အန်ကောဝတ် ကျောင်းတော်က ခမာ ကြေးရုပ်တုတွေရဲ့ဇစ်မြစ်ကို ဘယ်လောက်သိကြသလဲ? ” တဲ့ ။

ကိုယ်တွေသိသလောက်တော့ ဒီရုပ်တုတွေက ရာစုနှစ်တွေအမျိုးမျိုးပြောင်းပြီး အာဆီယံနိုင်ငံတွေကိုခြေဆန့်ခဲ့တဲ့ခရီးသွားရုပ်တုတွေပါ ။

ရုပ်တုဆိုပေမယ့် ဘုရားဆင်းတုတို့ဘာတို့တော့ မဟုတ်ပါ ၊ နတ်ရုပ်တွေပါ ။အစဦးဆုံးမှာတော့ အန်ကောဝတ် ကျောင်းတော်မှာရှိခဲ့တဲ့ ကြေးနတ်ရုပ်တွေဟာ

1431 မှာ ထိုင်းက ကမ္ဘောဒီးယားကိုဝင်သိမ်းပြီး စစ်အောင်ပွဲအဖြစ်သိမ်းယူတဲ့အဖိုးတန်ပစ္စည်းတွေထဲမှာ တန်ခိုးကြီးနတ်ရုပ်တု 30 ကျော်ထိုင်းကိုသယ်တဲ့အထဲ အဲဒီကြေးရုပ်တွေပါသွားပါသတဲ့ ။

ကြေးနတ်ရုပ်တွေရဲ့ အာဆီယံချစ်ကြည်ရေးခရီးအစ ဆိုပါတော့ အဲ 1564 မှာတော့ ဟံသာဝတီဘုရင် ဘုရင့်နောင်(King Bayintnaung)က အယုဒ္ဓယ(Ayutthaya)ကိုစီးနင်းတိုက်ခိုက်ပြီး

ဒီကြေးရုပ်တွေကို ပဲခူး ကို မသွားခဲ့ပြန်တယ် ။အဲဒီနောက်တော့ သိပ်မကြာလိုက်ပါဘူး သူ့သား နန္ဒဘုဘုရင်(KingNanda)လက်ထက်မှာ ရခိုင်ဘုရင်မင်းရာဇာကြီးက

ဟံသာဝတီ(Hansawaddi)ကိုတိုက်ခိုက်ဖျက်ဆီးပြီး ခမာကြေးရုပ်ကြီးတွေကိုမြောက်ဦးထိသယ်သွားခဲ့ပြန်တယ် ။

အန်ကောဝတ်ကခမာကြေးရုပ်ကြီးတွေဟာ ယိုးဒယားသားဖြစ်လိုက်၊ ပဲခူးသားဖြစ်လိုက်၊ ရခိုင်သားဖြစ်လိုက်နဲ့ တိုင်ပတ်နေရင်း……

အမရပူရ ရဲ့ဘုရင်ဘိုးတော်(King Bodaw)က မြောက်ဦးထီးနန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး မဟာမြတ်မုနိဆင်းတုတော်ကြီးကို အမရပူရကိုပင့်ဆောင်လာရာမှာ

ဒီကြေးရုပ်ကြီးတွေကိုပါ တပါတည်းအသိမ်းခံရပြီး နောက်ဆုံးတော့ မန္တလေးသားဖြစ်သွားပါတော့တယ် ။ပြတ်နေတဲ့သမိုင်းကွင်းဆက်တစ်ခုက

ဒီကြေးရုပ်ကြီးတွေဟာ မူလအန်ကောဝတ်ကျောင်းတော်မှာရှိခဲ့တဲ့အချိန်က အင်မတန်တန်ခိုးကြီးတဲ့နတ်ရုပ်တွေအဖြစ် ခမာတွေက အလေးအမြတ်ထားခဲ့ကြတယ် ဆိုတဲ့အကြောင်းပါ ။

ဒီကြေးနတ်ရုပ်တွေမှာ Special healing powers လို့ခေါ်တဲ့တို့ရုံထိရုံနဲ့ရောဂါဘယတွေကိုသက်သာပျောက်ကင်းစေနိုင်တဲ့အစွမ်းမျိုးရှိတယ်လို့ ခမာတွေက ဒီကနေ့အထိ ယုံကြည်နေခဲ့ကြတယ် ။

တော်ရုံမအီမသာဖြစ်တာမျိုးကတော့ယူပစ်သလိုကိုပျောက်သွားသတဲ့ ။( ဟုတ်မဟုတ်တော့မသိ )

အင်မတန်တန်ခိုးကြီးပြီး ရောဂါဘယတွေပျောက်ကင်းစေတယ် ဆိုတဲ့ ခမာကြေးနတ်ရုပ်တွေရဲ့သတင်းဟာ အိမ်နီးချင်းအာဆီယံနိုင်ငံတွေအထိ ပျံ့နှံ့ခဲ့ပုံပါပဲ ။

ဒါကြောင့်လဲ စစ်နိုင်တဲ့ဘုရင်တိုင်းက ဒီနတ်ရုပ်တွေကို ဂရုတစိုက်နဲ့ မမေ့မလျော့ ကိုယ့်တိုင်းပြည်ကို သယ်သွားကြတာပေါ့ ။

ရာစုနှစ် ခြောက်ခုလောက်ကွာခြားသွားပေမယ့် ဒီကနေ့ ကမ္ဘောဒီးယားက ခမာတွေကတော့ မန္တလေးကိုရောက်နေတဲ့ သူတို့ရဲ့ရှေးဟောင်းအမွေအနှစ်ကို မမေ့ကြသေးပုံပါပဲ ။

သို့သော်လည်း…..စစ်နိုင်လို့သိမ်းယူခံရတဲ့ပစ္စည်း(war booty)မှန်သမျှပြန်တောင်းလို့ရရိုးထုံးစံကား မရှိ။