မြန်မာ့ရှေးဟောင်း ကျမ်းဂန်တွေထဲမှာ အခိုင်အမာပါတဲ့ နဂါးအမျိုးအစား (၁၀၂၄) မျိုးအကြောင်း

Knowledge
Spread the love

နဂါးသည် ကမ္ဘာအရပ်ရပ်မှ လူမျိုးများစွာ၏ ဒဏ္ဍာရီလာ သတ္တဝါ တမျိုးဖြစ် သည်။ များသောအားဖြင့် အစွမ်းထက်၍ တန်ခိုးနှင့်ပြည့်စုံသော ကြီးကျယ်ခမ်းနားသည့် အနေဖြင့်ပုံဖော်ကြသည်။

နဂါး (Nāga) ဆိုသည့်ဝေါဟာရအား သက္ကတနှင့် ပါဠိဘာသာ စကားမှ ဟိန္ဒူနှင့် ဗုဒ္ဓဘာသာ ကျမ်းဂန်လာ အလွန်ကြီးမားသော မြွေကြီးများကို ခေါ်ခြင်းဖြစ်ကြောင်းသိရသည်။ ဒဏ္ဍာရီများတွင် နဂါးသည် ခြေထောက်မပါပဲ မီးလျှံများကို အသက်ရှူသော၊ ကြည့်လိုက်ရုံနှင့် လောင်းကျွမ်း ပြာကျသွားစေနိုင်သည့် မြွေ ပုံသဏ္ဌာန် သတ္တဝါ အဖြစ်ဖော်ပြကြသည်။

မြန်မာ နိုင်ငံတွင် ခြေထောက်ပါသော နဂါးကိုမူ နယားဟု ခေါ်သည်။ မြန်မာတို့က နဂါးအား ခန္ဓာကိုယ်မှာ မြွေပုံစံဖြစ်ကာ ဦးခေါင်း၌ အမောက်အတွန့်အတက်များပါရှိသည့် မြွေနှင့်မတူသည့် ခန့်ညားသည့် အသွင်ဖြင့်ပုံဖော်ကြသည်။ အမောက်၌ပါရှိသည့် ပတ္တမြားအရှိန်ကြောင့် တန်ခိုးကြီးသည် ဟုလည်းဆိုကြသည်။

တရုတ်နဂါး ပုံသဏ္ဌာန်အား တရုတ်ဟန်မင်းဆက်၏ စာရေးဆရာကြီး ဝန်ဖူးမှ နဂါးခေါင်းသည် ဒရယ်ချိုကဲ့သို့ ချိုရှိသည်။ ကုလားအုပ်ခေါင်းနှင့်တူသည်။ နတ်မိစ္ဆာမျက်လုံးနှင့် တူသည်။ နဂါးလည်ပင်းသည် မြွေနှင့် တူသည်။ နဂါးဝမ်းဗိုက်သည် ခုံးခွံနှင့် တူသည်။ နဂါးအကြေးသည် ငါးကြင်းအကြေးခွံနှင့် တူသည်။ နဂါးလက်သည်းသည် လင်းယုန်ငှက်လက်သည်းနှင့် တူသည်။ နဂါးဖဝါးသည် ကျားဖဝါးနှင့် တူသည်။နဂါးနားရွက်သည် နွားနားရွက်နှင့် တူသည် ဟုဖော်ပြခဲ့သည်။

မြန်မာကျမ်းဂန်များအရ ရေနေ၊ မြေနေ၊ တောင်နေ ဟူသော နဂါးသုံးမျိုးရှိ၏။ အကျယ်ထပ်ဖြန့်သော် နဂါးအမျိုးအစားပေါင်း ၁၀၂၄ မျိုးရှိကြောင်း သိရသည်။ ထိုသို့သည်ကား

(၁) ကိုက်ခဲသည်ရှိသော် ခန္ဓာကိုယ်သည် ထင်းချောင်းကဲ့သို့ အဆစ်အမြစ်များ မကွေးဆန့်နိုင်ဘဲ တံကျင်ကဲ့သိုခိုင်ခန့်စွာဖြစ်သော ကဋ္ဌမုခနဂါး ၊

(၂) ကိုက်ခဲသည်ရှိသော် ခန္ဓာကိုယ်သည် မှည့်၍ပုပ်သော ပိန္နဲသီးကဲ့သို့ အရည်ယိုထွက်သော ပုတိမုခ နဂါး

(၃) ကိုက်ခဲသည်ရှိသော် ခန္ဓာကိုယ်သည် မီးလောင်သကဲ့သို့ ဖိရိုဖရဲရှိသော အဂ္ဂိမုခနဂါး

(၄) ကိုက်ခဲသည်ရှိသော် ခန္ဓာကိုယ်သည် မိုးကြိုးကျသကဲ့သို့ ကွဲပြတ်ပျက်စီးသော သတ္တမုခနဂါး

အထက်ပါအချင်းအရာတို့အား ထပ်မံ၍ တမျိုးစီအား

(က) ဒဌဝိသ နဂါး (ကိုက်မှ အဆိပ်သင့်စေတတ်သည်။)

(ခ) ဒိဌဝိသ နဂါး (ကြည့်ရုံနှင့် အဆိပ်သင့်စေတတ်သည်။)

(ဂ) ဖုဌဝိသ နဂါး (ထိရုံနှင့် အဆိပ်သင့်စေတတ်သည်။)

(ဃ) ဝါတဝိသ နဂါး (နှာခေါင်းမှ လေမှုတ်ရုံနှင့် အဆိပ်သင့်စေတတ်သည်) ဟု ကွဲပြားပြန်၏။ ထိုအခါ ၁၆ပါးရ၏။ ထို ၁၆ ပါးအား ထပ်မံ၍ တပါးစီအား

အဆိပ်မြန်ပြီး အဆိပ်မပြင်းသည့် အာဂတ ဝိသန လေဘရ ဝိသ နဂါးမျိုး၊ အဆိပ်ပြင်းပြီး အဆိပ်မမြန်သည့် ဃောရဝိသန အာဂတ ဝိသ နဂါးမျိုး၊ အဆိပ်လဲပြင်း အဆိပ်လဲမြန်သည့် အာဂတ ဝိသ ဃောရဝိသ နဂါးမျိုး၊ အဆိပ်လဲမပြင်း အဆိပ်လဲမမြန်သည့် နအာဂတဝိသန ဃောရဝိသ နဂါးမျိုး၊ ကွဲပြန်သည်။ ၆၄ပါး ရလာ၏

ထို ၆၄ ပါးအား ထပ်မံကာ တပါးစီအား ဥကပေါက်သည့် အဏ္ဍဇ နဂါးမျိုး၊ ÷ဝမ်းဗိုက်က မွေးဖွားသည့် ဇလာဗုဇ နဂါးမျိုး၊ ÷အညှိကဖြစ်လာသည့် သံသေဒဇ နဂါးမျိုး၊ ÷ကိုယ်ထင်ရှား အလိုလိုဖြစ်လာသည့် ဩပပါတိက နဂါးမျိုး၊ လေးမျိုးစီ ကွဲပြန်သည်။ ၂၅၆ ပါး ထပ်မံရ၏။

ထို ၂၅၆ မျိုးအား တမျိုးချင်းစီအား ×ရေ၌ဖြစ်သော ဇလဇ နဂါးမျိုး၊ ×ကုန်းမှာဖြစ်သော ထလဇ နဂါးမျိုး၊ နှစ်မျိုးစီ ကွဲပြန်သည်။ ၅၁၂ မျိုးအားရပြီး ၎င်းတို့အား ကာမဂုဏ်ခံစားသည့် ကာမရူပီ နဂါးမျိုး၊ ကာမဂုဏ်မခံစားသည့် အကာမရူပီ နဂါးမျိုး၊ နှစ်မျိုးစီ ကွဲပြန်သည်။

ဤသို့ဖြင့် မြန်မာတို့ အယူ၌ နဂါးမျိုးပေါင်း တစ်ထောင့်နှစ်ဆယ့်လေး (၁၀၂၄) မျိုး ဟုကွဲပြားစွာ ရှိကြောင်းသိရသည်။

BY OPB, မြန်မာ့စွယ်စုံကျမ်း, ဝီကီ