လုံးဝ မပေါ့ဆသင့်တဲ့ လေဖြတ်ခါနီးရင် ဖြစ်တတ်တဲ့ လက္ခဏာ(၆)ချက်

Knowledge
Spread the love

လူသားများ ရုတ်တရက် သေဆုံးခြင်းနဲ့ မသန်မစွမ်းဖြစ် ရခြင်းတွေမှာ လေဖြတ်ရောဂါဟာ အဓိကအကြောင်းအရင်း တစ်ခုအနေနဲ့ ပါဝင် ပါတယ်။ ဒီလေဖြတ်တာကို ဆေးပညာအရတော့ Stroke လို့ခေါ်ပါတယ်။ လေဖြတ်ခြင်းမှာ အဓိကအားဖြင့် ၂မျိုးရှိပါတယ်။ ထို ၂မျိုးကတော့

၁။ ဦးနှောက်အတွင်း သွေးကြောပိတ်လို့ လေဖြတ်ခြင်း(ဦးနှောက်ထဲ မှာရှိတဲ့ သွေးကြောငယ်လေးတွေ ကျဉ်းပြီး ပိတ်နေတာကြောင့် သို့မဟုတ် တစ်ခြား သွေးကြောကြီးတွေထဲက သွေးခဲဟာ လာပိတ်တာကြောင့် ဖြစ်တဲ့လေဖြတ်ခြင်း) ဆိုတဲ့ Ischaemic stroke နဲ့

၂။ ဦးနှောက်အတွင်း သွေးကြောပေါက်လို့ လေဖြတ်ခြင်း (ဦးနှောက်အတွင်းသွေးကြောလေးများ သွေးပေါင်ချိန်တက်လို့ ပေါက်ထွက် တာကြောင့် ဖြစ်လာတဲ့လေဖြတ်ခြင်း) ဆိုတဲ့ Hypertensive stroke ဆိုပြီးတော့ နှစ်မျိုးရှိပါတယ်။

ရုတ်တရက် လေဖြတ်ပြီးပြီးချင်း တစ်မိနစ်ကြာတိုင်းမှာ ဦးနှောက်အတွင်းရှိဆဲလ်ပေါင်း ၁ဒသာမ ၉သန်းဟာ သွေးကောင်းစွာ မရတဲ့ အတွက် ပျက်စီ းရပါတယ်။ လေဖြတ်တဲ့အချိန်နဲ့ ဆေးကုသမှုရတဲ့ အချိန်နှစ်ခုကြား အချိန်ကာလဟာ ကြာလာလေလေ ဦးနှောက်ထဲက ဆဲလ်တွေက ထိခိုက် ပျက်စီးမှုနှုန်း များလေလေပါပဲ။

လေဖြတ်ဖြတ်ချင်း စောစီးစွာကုသမှု ခံယူရခဲ့ပါက ဦးနှောက်အတွင်းရှိ ဆဲလ်ပျက်စီးမှု အရမ်းမများသေးတဲ့အတွက် လူနာဟာ အကောင်းပတိအတိုင်း ပြန်လည်ကောင်းမွန်ဖို့အတွက် အခွင့်အရေးပိုများပါတယ်။

လေဖြတ်မှု အချိန်ကြာမြင့်လာရင်(ဆိုလိုတာက လေဖြတ်ဖြတ်ချင်း သင့်တော်တဲ့ဆေးကုသမှုမရဘဲ ကြာနေရင်) ဦးနောက် အတွင်းရှိ ဆဲလ်ပျက်စီးမှုများတဲ့အတွက် လူနာဟာ စကားပြောဖို့ ခက်ခဲတာ၊ မှတ်ဉာဏ်တွေဆုံးရှုံးတာနဲ့ ခြေလက်ပြန်လည် လှုပ်ရှားနိုင်ခြေ နည်းသွားတာတွေဖြစ်ဖို့ ပိုအခွင့်အရေးများ ပါတယ်။

ဒါကြောင့် လေဖြတ်ရောဂါလက္ခဏာ ခံစား ရရချင်းမှာ ဆေးခန်း ဆေးရုံပြပြီး စောစီးစွာကုသမှုခံယူဖို့က အလွန်အရေးကြီး ပါတယ်။

ဒီအတွက် ဒီတစ်ပတ်ရဲ့သောကြာနေ့ညချမ်းလေးမှာ လူအများ သတိထားလေ့မရှိတဲ့ လေဖြတ်ခါနီးရင် ပြတတ်သော လက္ခဏာ (၆)ချက်ကို အခုလိုပဲ မေတ္တာနဲ့ ရေးသားတင်ပြပေးလိုက်ပါတယ်။

၁။ ခေါင်းတအားကိုက်ခြင်း

လူတိုင်းနီးပါး မကြာခဏ ခေါင်းကိုက်တတ် ပါတယ်။ ခေါင်းကိုက်ရခြင်း အကြောင်းတွေကလည်း အများကြီးပါပဲ။ ဒါကြောင့်ခေါင်းကိုက် တာကို လူအများစုက သိပ်အလေးထားလေ့ မရှိတတ်ကြပါဘူး။

သို့သော် အခုတစ်ခါ ခေါင်းကိုက်တာက အရင်အခါတွေနဲ့မတူ တအားပြင်းပြင်းထန်ထန်ကိုက်တာ သို့မဟုတ် အရင်က တစ်ခါမှ ခေါင်းကိုက်တာမဖြစ်ဘဲ စပြီးတော့ ခုမှခေါင်းကိုက်တာမျိုးဆိုရင်တော့ ဒါဟာ လေဖြတ်ရောဂါလက္ခဏာ ဖြစ်နိုင်ခြေ ရှိပါတယ်။

ကွဲကွဲပြားပြားကတော့ ဆရာဝန်တွေက စမ်းသပ် စစ်ဆေးကြည့်မှ သိမှာဖြစ်တဲ့အတွက် ပေါ့ပေါ့တန်တန်သဘော မထားဘဲ နီးစပ်ရာဆေးရုံ ဆေးခန်းပြသဖို့အတွက် ကောင်းကောင်း လိုအပ်ပါတယ်။

၂။ အမြင်အာရုံက တစ်ခုကို နှစ်ရိပ်နှစ်ထပ်မြင်ရခြင်း

အရာဝတ္ထုတစ်ခုကို နှစ်ရိပ်နှစ်ထပ်မြင်ရခြင်း ၊ အမြင်မှုန်ဝါးခြင်း၊ မျက်စိတစ်ဖက် ရုတ်တရက် မမြင်ရခြင်းစတာတွေဟာ လေဖြတ်ခြင်းရဲ့ ရောဂါလက္ခဏာတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လူအများစုဟာ ဒီလို နှစ်ရိပ်နှစ်ထပ်ဖြစ်တာ ၊

အမြင်မှုန်ဝါးတာတွေဖြစ်ရခြင်းက ပင်ပန်းနွမ်းနယ်လို့ ၊ အသက်ကြီးလို့ ၊ ဖြစ်ရတာလို့ပဲ မှတ်ယူပြီးတော့ ပေါ့ပေါ့ဆဆနေတာတွေ များပါတယ်။ အရေးပေါ်ဆေးကုသမှုပညာရပ်အထူးကု ဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာကာရိုလင်း ကတော့ လူအများစုဟာ ထင်သလို မြင်ကွင်းအာရုံ နှစ်ရိပ်နှစ်ထပ်မြင်ရခြင်း ၊

အမြင်ဝါးခြင်းတွေဟာ အသက်ကြီးလို့ ဖြစ်တာ ပင်ပန်းနွမ်းနယ်လို့ မျက်စိအသုံးပြုတာများလို့ ဖြစ်တာ မဟုတ်နိုင်ဘဲ လေဖြတ်ခြင်းရဲ့ လက္ခဏာ ဖြစ်နိုင်ခြေ ပိုများကြောင်း ပြောပြထားပါတယ်။

၃။ အိပ်ရာအထ လက်မောင်းနဲ့ခြေထောက်များ ထုံကျင်နေခြင်း

တရေးအိပ်ပြီးတော့ နိုးလာတဲ့အခါ ခြေလက်တွေ ထုံကျင်တာမျိုးဖြစ်ရင် ငါ အချိန်ကြာကြီး ဖိအိပ်မိလို့ဖြစ်တာပဲ ဆိုပြီး လူအများစုက အလွယ်တကူ ပေါ့ပေါ့လျော့လျော့ပဲ ယူဆတတ်ကြပါတယ်။

သို့သော် ဒီလို ထုံကျင်နေတာဟာ ၁၅မိနစ် ကနေ နာရီဝက်ကြာတဲ့အချိန်ထိ ပျောက်ကင်းသက်သာမှုမရှိရင်တော့ ဆေးခန်းပြသဖို့ လိုအပ်ပါတယ်။

ဘာလို့လဲဆိုတော့ ဒီလိုထုံတာကျင်တာဆက်ဖြစ်နေခြင်းက သင့်ကျောရိုးမှ ဦးခေါင်း နောက်ပိုင်းသို့သွားတဲ့ သွေးကြောထဲမှာ အကြောင်းတစ်ခုခုကြောင့် သွေးစီးဆင်းမှု လျော့နည်းသွားခြင်းကြောင့်လည်း ဖြစ်နိုင်လို့ပါ။

၄။ စကားပြောရာတွင် ဗလုံးဗထွေးဖြစ်နေခြင်း

လူတစ်ချို့က စကားပြောရာမှာ ဗလုံးဗထွေးဖြစ်လာရင် စိုးရိမ်ပြီး ဆေးခန်းပြတတ်ကြပေမယ့် လူအများစုကတော့ ဒီလိုစကားပြောရာမှ ဗလုံးဗထွေးဖြစ်တာဟာ ပင်ပန်းလို့ သို့မဟုတ် မိမိသောက်သုံးနေတဲ့ တစ်ချို့သော ဆေးဝါးများရဲ့ (ဥပမာ တချို့ကိုက်ခဲနာကျင်မှုပျောက်ဆေးများ) ဘေးထွက်ဆိုးကျိုးဖြစ်မယ်လို့

ယူဆပြီးတော့ပဲ ပေါ့ပေါ့ဆဆ နေတတ်ကြ ပါတယ်။ စကားများ ဗလုံးဗထွေးဖြစ်တာဟာ လေဖြတ်နိုင်တဲ့ အကြောင်းအရင်း တစ်ခုဖြစ်ဖို့ အတွက် ဖြစ်နိုင်ခြေပို များတာကြောင့် ဆရာဝန်နဲ့ပြသစစ်ဆေးပြီး ကောင်းကောင်း ကုသမှုခံ ယူဖို့တော့ လိုပါတယ်။

စကား ဗလုံးဗထွေးဖြစ်တာနဲ့ တွဲဖြစ်တတ်တာတွေကတော့ မျက်နှာတစ်ခြမ်းရွဲ့သွားတာ ဖြစ်ပါတယ်။

၅။ ခန္ဓာကိုယ်ကို ဟန်ချက်မထိန်းနိုင်ဘဲ ဒယိမ်းဒယိုင်ဖြစ်ခြင်း

လူတစ်ချို့က အထူးသဖြင့် အရက်သောက်တဲ့သူတွေဆိုရင် ခန္ဓာကိုယ်ဟန်ချက်ပျက်ပြီးတော့ ဒယိမ်းဒယိုင်ဖြစ် တာဟာ သူတို့ မနေ့ညတုန်းက အသောက်များသွားလို့ ဒီမနက်ဒီလိုဖြစ်တာလို့ ယူဆတတ်ကြ ပါတယ်။ တစ်ချို့ကျတော့လည်း အိပ်ရေးပျက်လို့ ၊ ပင်ပန်းလို့ ၊ အစားသောက်နည်းလို့ ၊

ချွေးထွက်လွန်လို့ ဖြစ်တယ်လို့ ယူဆထား တတ်ကြပါတယ်။ ဒယိမ်းဒယိုင်းဖြစ်ပြီး ဟန်ချက်ပျက်တာဟာ သင့်ရဲ့ ဦးနှောက်ဆီကို သွေးစီးဆင်းမှု လျော့နည်းသွားတာကြောင့်ပဲ ဖြစ်ပါတယ်။

ဒါကြောင့် ရုတ်တရက် ဒီလိုမျိုးတွေ ဖြစ်လာပြီ ဆိုပါက နီးစပ်ရာကို အကူအညီတောင်းပြီးတော့ ဆေးခန်းပြသဖို့ လိုအပ် ပါတယ်။

၆။ ဇဝေဇဝါဖြစ်ပြီး စိတ်ရှုပ်ထွေးကာ စိတ်ခံစားမှုများ မကြည်မလင်ဖြစ်ခြင်း

ဒီဘက်ခေတ်မှာ စားဝတ်နေရေးကြပ်တည်းလို့ ရုန်းကန်နေရပြီး စိတ်ရှုပ်ထွေးမှုတွေလည်း မကြာခဏ ခံစားရတတ်ပြီး စိတ်မကြည်မလင် တာတွေ ဖြစ်တတ် ပါတယ်။ စိတ်ရှုပ်ထွေးတဲ့အခါ အကြောင်းအရာတစ်ခုကို ပြန်မှတ်မိရန်၊

စကားတစ်လုံးပြောရန် အတွက် အချိန်ပေးစဉ်းစားရတဲ့ အခါ မျိုးတွေ လူတိုင်းမှာရှိနိုင်ပေမယ့် အချိန်ကြာမြင့်စွာစဉ်းစားမရခြင်း ၊ တစ်ခုခုကိုပြောရန် အချိန်အကြာကြီး အာရုံစိုက်စဉ်းစားသော်လည်း ပေါ်မလာခြင်း ၊

ပြောမရခြင်းတွေဖြစ်ခဲ့ရင်တော့ ဆေးခန်းပြပြီး စမ်းသပ်စစ်ဆေးမှုတွေလုပ်သင့်ပါတယ်လို့ အရေးပေါ်ဆေးပညာရှင် အထူးကုဆရာဝန် ဒေါက်တာကာရိုလင်းက အကြံပြုထားပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ရုတ်တရက် စိတ်ရှုပ်ထွေးကာ စိတ်ခံစားမှုတွေ မကြည်မလင်ဖြစ်ခြင်းဟာလည်း လေဖြတ်ခါနီးရင် လက္ခဏာတစ်ခုအနေနဲ့ ဖြစ်နိုင်ခြေများတဲ့ လက္ခဏာတစ်ရပ် ဖြစ်နေလို့ပါပဲ။

Ref(Reader Digest)