သင့်နာမည်ကို ကောင်းလှပြီဟု ထင်နေပါသလား?
လှနေတယ်လို့ရော ထင်နေပါသလား?
နေ့သင့်နံသင့်ဟုရော ထင်နေပါသလား?
မိတ်ဖက်တွေတွဲထားသလား?
ရန်ဘက်တွေရောတွဲမိနေသလား?
လူတစ်ယောက်အတွက် နာမည်သည်အရေးပါလှပေသည်။ လူရယ်ဟုဖြစ်လာပြီဆို နာမည်တစ်ခုရှိဖို့လိုအပ်ပေသည်။
တစ်ချို့လဲနှစ်ခု တစ်ချို့ကသုံးခု လောက်ရှိမည်။ တစ်ချို့ကမရေမတွက်နိုင်
လူတစ်ချို့ကအလွယ်ပေးသည်။ တစ်ချို့ကလေးနက်စွာစဉ်းစားသည်။ တစ်ချို့ကနားလည်တတ်ကျွမ်းသူများနှင့်တိုင်ပင်ပြီးမှ ပေးလေ့ရှိကြသည်။
နေ့သင့်နံသင့်တွေ လိုက်ဖက်မူတွေ လှပမူတွေ အထားအသို အညွန့်အတက် အခက်အဝေတို့စုံလင်လှပေသည်။
တစ်ချို့နာမည်များသည် ခေါ်လို့ကောင်းသည် တစ်ချို့နာမည်များသည်အေးသည် လှသည် ။ တစ်ချို့နာမည်များသည်လိုက်ဖက်သည်
(ဖြူဖွေးဆိုတဲ့နာမည်နှင့်မဲတူးနေသောလူများကို မြင်ဖူးကြပေမည်) ။ တစ်ချို့ကမာသည် တစ်ချို့ကပျော့သည်။
နာမည်နာမတစ်ခုပေးပြီးသည်နှင့် လွယ်လွယ်နှင့်ပြင်ဖို့ခက်ပေသည် ။ ထိုကြောင့် နာမည်ပေးရာတွင် သေခြာစဉ်းစားဖို့တော့လိုပေသည်။
နေ့သင့်နံသင့်နာမည်အစများ
တနင်္လာ က၊ခ၊ဂ၊ဃ၊င
အင်္ဂါ စ၊ဆ၊ဇ၊ဈ၊ည
ဗုဒ္ဓဟူး ရ၊ယ၊လ၊ဝ
ကြာသာပတေး ပ၊ဖ၊ဘ၊ဗ၊မ
သောကြာ သ၊ဟ
စနေ တ၊ထ၊ဒ၊ဓ၊န
တနင်္ဂနွေ အ၊ဥ၊ဧ စသည်တို့ဖြစ်သည်။
နာမည်တစ်ခုစီတိုင်းတွင်`ဗျည်း၊သရ´တို့ဖြင့်တည်ဆောက်ထားပြီး ၎င်း`ဗျည်း၊သရ´တို့တွင် ဂဏန်းတန်ဖိုးများသက်မှတ်ထားရှိကြသည်။
ဗျည်း၊သရ တို့၏ဂဏန်းတန်ဖိုးများကတော့
၁။ အ၊ဥ၊ေ၊ ါ၊ ိ၊ ီ၊ ု ၊ ူ ၊ ဲ၊ ံ့၊ ်၊ း ၊ တန်ဖိုးက ၈
၂။ က၊ခ၊ဂ၊ဃ၊င. တန်ဖိုးက ၅
၃။ စ၊ဆ၊ဇ၊ဈ၊ည. တန်ဖိုးက ၆
၄။ ယ၊ရ၊လ၊ဝ၊ ျ(ယပင်း)၊ ြ (ယရစ်)၊ ွ(ဝဆွဲ) တန်ဖိုး၃
၅။ ပ၊ဖ၊ဘ၊ဗ၊မ. တန်ဖိုး ၁
၆။ သ၊ဟ၊ ှ(ဟထိုး) တန်ဖိုး ၂
၇။ တ၊ထ၊ဒ၊ဓ၊န. တန်ဖိုး ၇
၈။ ဋ၊ဌ၊ဍ၊ဃ၊ဏ. တန်ဖိုး ၄ တို့ဖြစ်ကြသည်။
နာမည်တစ်ခု၏`ဗျည်း၊သရ´ဂဏန်းတန်ဖိုးများကိုပေါင်းလိုက်ခြင်းအားဖြင့် နာမည်တစ်ခု၏စုစုပေါင်းတန်ဖိုးကိုရရှိပေမည်။
ရရှိလာသောစုစုပေါင်းတန်ဖိုးကို(၈)ဂဏန်းဖြင့်စားသော် အကြွင်းရရှိပေမည်။ ရရှိလာသောအကြွင်းများကိုမူတည်၍ နာမည်အဟောများရှိပေသည်။
ထိုနာမည်အဟောများသည် ကုန်းဘောင်ခေတ် ပေမူ ပရပိုက် တို့မှဖြစ်ပါသည်။ သင့်နာမည်ကောင်းမကောင်းကိုတွက်ကြည့်နိုင်ပါသည်။
ဥပမာ ကျနော့်နာမည်ပေါ့
ဇော်နေလ =(၈+၆+၈+၈)+(၈+၇)+၃
= ၃၀+၁၅+၃
=၄၈
၄၈÷၈=.စားလဒ်(၈)၊အကြွင်း(ဝ)ထိုကြောင့် `ဇော်နေလ´သည်အကြွင်း(ဝ)ဖြစ်၍ `လင်းတ´နာမည်ဖြစ်သည်။
အကြွင်း(၈)သိုမဟုတ် (ဝ) `လင်းတ´နာမည်အဟော
`လင်းတ´နာမည်သည် ငုပ်လိုက်ပေါ်လိုက်ဖြစ်နေမည်။ ကိုယ့်အကြံအစည်ကိုသူများကလုပြီးလုပ်ခြင်းခံရတတ်မည်။
အရှက်တကွဲဖြစ်ဖို့လွယ်မည်။စိတ်မတည် မငြိမ်ဖြစ်နေတတ်မည်။ဆရာသမား လူကြီးများအတွက်အနစ်နာခံရမည်။
အကြွင်း(၁)`တံခွန်´နာမည်အဟော
`တံခွန်´နာမည်မျိုးခေါ်တွင်ခံရသူများသည်ကျော်ကြားသောအောင်မြင်သူများဖြစ်သည်။ အနုပညာဖြင့်အောင်မြင်လိမ့်မည်။
လူအများနှင့်ဆက်နွယ်ပက်သက်နေပြီး အများကိုကြီးကြပ်ကွပ်ကဲအုပ်ချုပ်လုပ်ကိုင်ရသူဖြစ်မည်။ တစ်ခုထက်မကသော အလုပ်အကိုင်များကို
တစ်ပြိုင်တည်းလုပ်ကိုင်ရသူဖြစ်မည်။ သေလျှင်သော်မှနာမည်ကျန်ရစ်မည်။ ၎င်းနာမည်မျိုးများသည်အတ်ုက်အခံနှင့်ယှဉ်၍အောင်မြင်တတ်ကြ၏။
အကြွင်း(၂)`အခိုး´နာမည်အဟော
`အခိုး´နာမည်သည်သြဇာအာဏာတည်တံ၏။ ဘဝတစ်လျှောက်လုံးတိုးတက်သည်ထက် တိုးတက်အောင်စနစ်တကျလုပ်တတ်၏။
လူအများနှင့်စပ်ဆိုင်သောအလုပ်များကို လုပ်တတ်၏။လုပ်ချင်သည့်လုပ်ငန်းကိစ္စများကိုမဖြစ်မနေလုပ်တတ်၏။
အကြွင်း(၃)`ခြင်္သေ့´နာမည်အဟော
`ခြင်္သေ့ ´နာမည်သည်လူသိများမည်။နေရာမရ ရအောင်ကြိုးစားမည်။ထင်ပေါ်ကျော်ကြားလူသိများမည်။ အာဏာတန်ခိုးကြီးမည် ထိပ်ကိုရောက်ပြီးပြန်ဆင်းတတ်သည်။
အကြွင်း(၄)`ကျား´နာမည်အဟော
`ကျား´နာမည်သည်အတက်အကျမြန်တတ်၏။ ကံတရားသည် ဘီးကဲ့သို့ ကောင်းတာလုပ်လျှင်ကောင်းကျိုးခံစားရမည်။ဆိုးတာလုပ်လျှင်ဆိုးကျိုးခံစားရမည်ဖြစ်၏။
အတိုက်အခံယှဉ်၍အကျိုးပေးတတ်၏။စိတ်ကူးကိုအကောင်အထည်ဖော်တတ်၏။
အကြွင်း(၅)`နွားနာမည်အဟော
`နွား´နာမည်ရှင်သည်လူအများ၏အသုံးချခြင်းကိုခံရလိမ့်မည်။အများအတွက်အနစ်နာခံရမည်။အခွင်အလမ်းကောင်းများတွေ့မည်။ရန်သူ၏အတိုက်အခိုက်ခံရမည်။
အကြွင်း(၆)`မြင်း´နာမည်အဟော
`မြင်း´နာမည်သည်အလုပ်အမျိုးမျိုးတို့ကိုလုပ်ရမည်။လှုပ်ရှားမှုများမည်။ အတက်အကျအမြဲရှိတတ်သည်။သေးငယ်သောပြဿနာမှကြီးမားသောမှုခင်းများအထိဖြစ်တတ်သည်။
အကြွင်း(၇)`ဆင်´နာမည်အဟော
`ဆင်´နာမည်သည်ရေရှည်စီမံကိန်းချပြီးလုပ်ရသည့် လုပ်ငန်းများတွင်အောင်မြင်အကျိုးပေးမည်။ ဘဝကိုတည် ငြိမ်အေးချမ်းစွာ လျှောက်လှမ်းရမည်။ ဖျော်ဖြေမှုအနုပညာလုပ်ငန်းများဖြင့် အကျိုးပေးမည်။
ကဲမိတ်ဆွေတို့လည်းမိမိတို့နာမည်ကိုတွက်ချက်ကြည့်နိုင်ပေမည်။ မိဘ မောင်နှမ ဆွေမျိုး သူငယ်ချင်း နီးစပ်သူများကိုလည်းတွက်ချက်ပေး၍ မန်းရှင်းခေါ်ပေးနိုင်လေပြီ။