သစ်ကွင်း၊ သစ်တံခါးတွေက ဘာတွေကောင်းတာလဲဆိုပြီး မေးကြတယ်။ အလွယ်ဆုံးနဲ့ အတိုဆုံးပြောရရင်တော့ လူလုပ်ထားတာမဟုတ်ဘဲ သဘာဝအတိုင်း ထူးထူးဆန်းဆန်း ဖြစ်နေတာကြောင့် ရှားပါးပြီးထူးဆန်းတဲ့ပစ္စည်းမို့ တန်ဘိုးရှိတယ် လို့ဘဲ ဖြေလဲရသလို ….
လောကီဂမ္ဘီရပိုင်းအရ လာဘ်လာဘကောင်းတယ်၊ စျေးရောင်းစျေးဝယ်ကောင်းတယ်၊ ချိတ်ဆွဲထားတဲ့နေရာတွေကို မကောင်းတဲ့ ပယောဂတွေနဲ့ ဘေးအန္တရာယ်တွေ ဝင်မလာနိုင်ဘူး၊ အချို့ မီးဘေးကတောင်လွတ်ကြတယ်ဆိုပြီး ကောင်းမွန်တဲ့အကျိုးတရားတွေရရှိကြတယ်လို့ ပြောလို့ရပါတယ်။
အိမ်ကြီးအိမ်ကောင်းတွေ၊ ဆိုင်ကြီးတွေ၊ ဟော်တယ်ကြီးတွေမှာ အမြတ်တနိုးနဲ့ အလှဆင်ပြီး ဆောင်ကြတာကိုလဲ မြင်ဖူး ကြလိမ့်မယ်လို့ထင်ပါတယ်။ အမြန်လမ်းပေါ်က အချို့ဆိုင်ကြီးတွေမှာ သစ်ကွင်း သစ်တံခါးတွေကို ပန်းပုပုံတွေ ထွင်းထုပြီး ပေါ်လစ်တင်ကာ အမြတ်တနိုး ထားကြတာကို တွေ့မိကြပါလိမ့်မယ်။
သတိမထားမိရင်တော့ ပန်းပုရုပ်တွေလို့ဘဲ ထင်မိပါလိမ့်မယ်။ ရှားတယ်လဲပြောသေးတယ်၊ ပုံထဲမှာလဲ အများကြီးပါလားလို့ မေးကောင်းမေးပါလိမ့်မယ်။ ပဲခူး ဒေးစွန်ပါတောနက်ထဲကနေ တစ်ခါသွား တစ်ခါရှာဖွေဝယ်ယူပြီး စုဆောင်းထားတာတွေပါ။ သွားတိုင်းလဲမရပါဘူး။ သစ်ကွင်း၊ သစ်တံခါးတိုင်းလဲ ဝယ်လို့ မရ .. ဆောင်လို့မရပါဘူး။ ပျဉ်းမသား၊ အောင်သပြေသား၊ ပိတောက်သား စသဖြင့် အသားကောင်းအသားမွန်မျိုးတွေကိုသာ ရွေးပြီး စုဆောင်းခဲ့တာပါ။
မိမိနေအိမ်ပေါ်မှာလဲ သစ်ကွင်း သစ်တံခါး နွယ်ကွင်းထိုးတွေဆောင်ထားတာ ရောက်ဖူး ကြသူတိုင်း သိကြပါတယ်။ ဂမ္ဘီရသဘောအရဖြစ်စေ၊ သဘာဝတရားကို မြတ်နိုးလို့ဖြစ်စေ မိမိနှစ်သက်သလို ခံစားနိုင်ပါတယ်။ ရေရှည်ခံနိုင်ဖို့အတွက် အချောကိုင်၊ အောက်ခံဆေးသုတ်ပြီး ရွှေးဆေးချထား ပါတယ်။ ဆောင်တဲ့သူက ဘာတွေလုပ်ဖို့လိုလဲဆိုပြီး မေးတတ်ကြလို့ ဒီနေရာကနေ ဗဟုသုတ မျှဝေပေးလိုက်ပါတယ်။
သစ်ကွင်း၊ သစ်တံခါး၊ နွယ်ကွင်းထိုး၊ သစ်ဖောက်နွယ် တွေကို နေအိမ်/ဆိုင်ခန်း အဝတွေမှာ ချိတ်ဆွဲထားပြီး မကြာခဏဆိုသလို အမွှေးတိုင်ထွန်းပေးခြင်း၊ အမွှေးနံ့သာရည်များ ပတ်ဖျန်းခြင်းများ ပြုလုပ်ပေးရပါတယ်။ အခြားထွေထွေထူးထူးတော့ လုပ်စရာ မလိုပါဘူး။
သစ်ဖောက်နွယ်ဝယ်မည်ဆိုလျှင် သေသေချာချာ ရွေးပြီးမှဝယ်ယူဖို့ အကြံပေးပါတယ်။ အချို့က လွန်နဲ့ဖောက်ပြီး နွယ်ချောင်းထိုးထည့်ပြီး ဂျင်းထည့်တတ်ကြပါတယ်။ တကယ့်သစ်ဖောက်နွယ်က ကြည့်ရုံနဲ့ သိသာပါတယ်။ သစ်တုံးဘေးမှာ နွယ်လိမ် နေသလို လိမ်ပြီးဖုနေတဲ့ လိုင်းကြောင်းပါ များသောအားဖြင့် ပါတတ်ပါတယ်။
ကျန်းမာရွှင်လန်းကြပါစေ
ဇော်မြတ်မင်း (မြစကြာကျောင်းသား)