အဖြူဆင်းခြင်းအကြောင်း သိကောင်းစရာများ

Lifestyle
Spread the love

အဖြူတွေ အများကြီး ဆင်းလာတာ ကင်ဆာရောဂါဖြစ်တာလား ဆရာ?

ကျွန်တော့်ဆေးခန်းကို လာတဲ့ အမျိုးသမီးအများစုနဲ့ Facebookက အမျိုးသမီးတချို့ မေးလေ့ရှိတဲ့ မေးခွန်းပါ။ သူတို့မေးတဲ့ မေးခွန်းကို မဖြေသေးခင် အဖြူဆင်းခြင်းအကြောင်း ရှင်းပြချင်ပါတယ်။

အမျိုးသမီးမှန်ရင် အဖြူ ဆင်းကို ဆင်းရပါမယ်။ အဖြူဆင်းတယ်ဆိုရာမှာ


(၁)မူမှန်အဖြူဆင်းခြင်း(ဇီဝကမ္မပြောင်းလဲမှုကြောင့် အဖြူဆင်းခြင်း)

(၂)မူမမှန်တဲ့ အဖြူဆင်းခြင်း(ရောဂါတစ်မျိုးမျိုးကြောင့် အဖြူဆင်းခြင်း) ဆိုပြီး နှစ်မျိုး ခွဲခြားနိုင်ပါတယ်။

အမျိုးသမီးတွေက မမျိုးပွားအင်္ဂါအဖွဲ့အစည်း(မိန်းမကိုယ်အပြင်ကစပြီး၊ သားမွေးလမ်းကြောင်း၊သားအိမ်ခေါင်း၊သားအိမ်၊သားဥပြွန်ထိ)ကို ပိုင်ဆိုင်ကြပါတယ်။ လူ့ခန္ဓာကိုယ်နေရာအနှံ့အပြားမှာ ရှိတဲ့ ဆဲလ်အများစုက အချိန်တိုင်း အချိန်တိုင်း သေကြေပျက်စီးပြီး ကွာကျလိုက်။သေသွားတဲ့ဆဲလ်နေရာမှာ အစားထိုးဖို့ အသစ်ဖြစ်ပေါ်လိုက် ဖြစ်နေပါတယ်။

အဲ့ဒီလိုပဲ မမျိုးပွားအင်္ဂါအဖွဲ့အစည်းမှာ ရှိတဲ့ ဆဲလ်တွေကလည်း သေကြေပျက်စီးလိုက် အသစ်ဖြစ်ပေါ်လိုက် ဖြစ်နေပါတယ်။ အဲ့ဒီဆဲလ်အသေတွေကို ရှင်းလင်းဖို့ မွေးလမ်းကြောင်းနဲ့ သားအိမ်ခေါင်းမှာ ရှိတဲ့အကြိတ်ငယ်လေးတွေကအရည်ကြည်တွေ ထုတ်ပေးပါတယ်။ ဒီဖြစ်စဉ်ကိုပဲ အဖြူဆင်းတယ်လို့ခေါ်ပါတယ်။ အဖြူဆင်းခြင်းကို မမျိုးပွားအင်္ဂါအဖွဲ့အစည်း ရဲ့ Housekeeper (သန့်ရှင်းရေးသမား)လို့တောင် တင်စားကြပါတယ်။ မူမှန် အဖြူဆင်းခြင်းဟာ ဇီဝကမ္မပြောင်းလဲမှုကြောင့် ဖြစ်ပြီး ဆဲလ်အသေနဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှား ပေးတဲ့အပြင် မိန်းမကိုယ်လမ်းကြောင်း ခြောက်သွေ့ခြင်းမှ ကာကွယ်တာဆီးပေးပါတယ်။

အပျိုဖော်ဝင်ပြီးသား အမျိုးသမီးတိုင်းဟာ ရာသီခွင်စက်ဝန်းရဲ့ ထက်ဝက်ခန့်( ဓမ္မတာသွေး တစ်လနဲ့ တစ်လကြား)မှာ ပုံမှန်အဖြူဆင်းတတ်ပါတယ်။ အဲ့ဒီအချိန်က မမျိုးဥ ကြွေချိန်ဖြစ်လို့ ခန္ဓာကိုယ် ဇီဝကမ္မပြောင်းလဲပြီး အဖြူဆင်းရခြင်းဖြစ်ပါတယ်။ရာသီလာခံနီး တစ်ရက်၊နှစ်ရက် အလိုမှာလည်း အဖြူဆင်းတတ်ပါတယ်။မူမှန်အဖြူဆင်းခြင်းမှာ လက္ခဏာ လေးချက်ရှိပါတယ်။

(၁) အဖြူရောင်အရည်ကြည်ဖြစ်ခြင်း
(၂)ပမာဏ မများခြင်း
(၃)အနံ့အသက် ကင်းခြင်း
(၄)ယားယံမှု မရှိခြင်း

မူမှန်အဖြူဆင်းခြင်းကို တခြားအခြေအနေတွေဖြစ်တဲ့ ကိုယ်ဝန်ဆောင်ချိန်၊ပဋိသန္ဓေတားဆေးနဲ့ ပိုးသတ်ဆေးတွေ အချိန်အကြာကြီး စွဲသောက်နေရသူတွေ၊IUCDလို့ခေါ်တဲ့ သန္ဓေတားပစ္စည်း သားအိမ်ထဲ ထည့်ထားရသူတွေ၊ရာသီဆုံးခံနီးသူတွေ၊ရာသီဥတု ပူပြင်းချိန်၊စိတ်ပင်ပန်းသောကရောက်နေချိန်၊ ပင်ပင်ပန်းပန်း အလုပ်လုပ်နေရသူတွေ(တစ်နေကုန်အထိုင်များခြင်း၊တစ်နေကုန်မတ်တပ်ရပ်နေရခြင်း)၊အိပ်ရေးပျက်ခြင်း၊နောက် Dettol,Aseptol,Spirt စတဲ့ ဓာတုဗေဒ ပစ္စည်းတွေ၊ဆေးရွက်ကြီးစိမ်ရေတွေနဲ့ မိန်းမကိုယ်အတွင်းပိုင်းထိ ဆေးကြောခြင်းပြုလုပ်သူတွေမှာ တွေ့ရတတ်ပါတယ်။ မူမှန်အဖြူဆင်းခြင်းကြောင့် အောက်ခံအဝတ်မှာ ဝါညိုရောင် စွန်းထင်း တတ်ပါတယ်။

ရောဂါပိုးမွှားကြောင့်ဖြစ်တာ မဟုတ်လို့ ဆေးထိုး၊ဆေးသောက် လုပ်စရာမလိုပါဘူး။တစ်ကိုယ်ရည် သန့်ရှင်းရေးကို ဂရုစိုက် ရပါမယ်။အောက်ခံဘောင်းဘီ ကို ဝါးလုံးပေါ်လှန်းခြင်း၊ မလျှော်ဖွတ်ပဲ ထပ်ခါထပ်ခါ ဝတ်ခြင်း၊မသန့်ရှင်းသော ရေဖြင့်ဆေးကြောခြင်း တွေကိုရှောင်ကျဉ်ရပါမယ်။ မိန်းမကိုယ် သန့်ရှင်းအတွက် Lactacid Feminine Hygiene,PH Care lotionတို့လို ဆေးရည်တွေသာ အသုံးပြုသင့်ပါတယ်။ သန့်ရှင်းရေးလုပ်ရာမှာလည်း မိန်းမကိုယ်မှ စအိုဘက်သို့ဦးတည်ပြီးပဲ လုပ်သင့်ပါတယ်။ စအိုကနေ မိန်မကိုယ်ဘက်ဦးတည်ပြီး သန့်ရှင်းရေးလုပ်ရင် မစင်တွေ မိန်းမကိုယ်ထဲဝင်ပြီး ရောဂါရနိုင်ပါတယ်။

မူမမှန်အဖြူဆင်းခြင်း(ရောဂါတစ်မျိုးမျိုးကြောင့် အဖြူဆင်းခြင်း)မှာ အဖြူရည်တွေဟာ

(၁)ပမာဏ များလာမယ်။နေ့စဉ်ရက်ဆက်ဆင်းလာမယ်။အရည်ပျစ်လာမယ်
(၂)အဖြူရောင်ကနေ အရောင်ပြောင်းလာမယ်(နို့နှစ်ရောင်၊ဝါညစ်ညစ်၊ညိုပုပ်ပုပ်၊သွေးရောင်)
(၃)ယားယံလာမယ်၊အနီကွက်နှင့်အနာတွေ ပေါ်လာတတ်တယ်
(၄)ဆိုးရွားစွာ အနံ့အသက်တို့ ထွက်ပေါ်လာပါတယ်။

မူမမှန်အဖြူဆင်းခြင်းကို ဖြစ်စေတဲ့ ရောဂါပိုးများစွာ ရှိပေမယ့် ဆေးခန်းမှာ အတွေ့ရအများဆုံးကတော့ Trichomonas Vaginitis(မိန်းမကိုယ်ယားယံပြီး ရောင်ရမ်းခြင်း)နဲ့ Cadidiasis(မှိုပိုးစွဲ)ရောဂါတ့ိုပဲဖြစ်ပါတယ်။ယေဘုယျအားဖြင့် အဖြူဆင်းတဲ့ ပမာဏ ကများလာမယ်၊ယားယံလာတယ်ဆိုရင် Trichomonas Vaginitisပါပဲ။ အဖြူရည်တွေဟာ နို့ဖတ်လို ပျစ်ပျစ်ကြီးဖြစ်လာမယ်။နို့မလိုင်လို အဖြူဖတ်တွေ ယောနိနံရံမှာ ကပ်နေမယ်။ ယားယံလာတယ်ဆို Candidiasisပါပဲ။ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသပြီး ဆေးကုသမှုခံယူရပါမယ်။ ဆေးကို အချိန်မှန်သောက်ရင် ရက်ပိုင်းအတွင်း ပျောက်သွားပါတယ်။

အဲ့ဒီရောဂါတွေက လိင်ဆက်ဆံခြင်းကနေ အဓိက ကူးတာဖြစ်တဲ့အတွက်ဆေးကုသတဲ့အခါမှာ မိမိရဲ့လိင်ဆက်ဆံဘက်ကိုပါ တပြိုင်နက်တည်း ကုသရမှာပါ။ တချို့ဆီးချိုရောဂါသည်တွေမှာ ဆီးချိုကြောင့် ပိုးဝင်ပြီး အဖြူဆင်းတတ်ပါတယ်။ လိင်ဆက်ဆံဖက်များတဲ့ အမျိုးသမီးတွေ၊သွေးဆုံးပြီးအမျိုးသမီးတွေ ဟာ အနီရောင်၊ညိုပုပ်ပုပ်ရောင် အနံ့အသက်ဆိုးရွားတဲ့ အရည်တွေ ဆင်းလာရင် ကင်ဆာရောဂါတွေ(သားအိမ်ခေါင်းကင်ဆာ၊မိန်းမကိုယ်ကင်ဆာ)နဲ့ ဆက်စပ်မှုရှိနိုင်ပါတယ်။ နီးစပ်ရာ သားဖွားမီးယပ်အထူးကုနဲ့ ပြသပြီး စောစီးစွာ ကုသမှုခံယူဖို့ လိုအပ်ပါတယ်။
အချုပ်အားဖြင့် မူမှန်အဖြူဆင်းခြင်းဟာ ကင်ဆာရောဂါ လက္ခဏာ မဟုတ်ပါဘူး။ မူမမှန်အဖြူဆင်းခြင်းအများစုဟာလည်းရောဂါပိုးကြောင့်ဖြစ်ပေမယ့် “အနာသိ၊ဆေးရှိပြီး” ကုသလို့ပျောက်ပါတယ်။ အနီရောင်၊ညိုပုပ်ပုပ်ရောင် အနံ့အသက်ဆိုးရွားတဲ့ အရည်တွေ ဆင်းလာရင်တော့ ကင်ဆာရောဂါ နဲ့ ဆက်စပ်မှုရှိနိုင်တာကြောင့် ပေါ့ဆမနေဘဲ စောစီးစွာ ကုသမှုခံယူရမည်ဖြစ်ကြောင်း အကြံပေးတင်ပြအပ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *